ချီလီရှိ ဆင်းရဲသားရပ်ကွက်တစ်ခုမှာ မီးအကြီးအကျယ် လောင်ကျွမ်းပြီး လူရာနဲ့ချီ အိုးမဲ့အိမ်မဲ့ဖြစ်

.

စက်တင်ဘာ ၁၁ ။        ။ ချီလီနိုင်ငံမြောက်ပိုင်း Antofagasta  ဒေသက ဆင်းရဲသားရပ်ကွက်တစ်ခုမှာ စက်တင်ဘာ ၁၀ ရက်က မီးအကြီးအကျယ် လောင်ကျွမ်းမှုဖြစ်ပြီး အနည်းဆုံး နေအိမ်ပေါင်း ၁၀၀ လောက် မီးထဲပါသွားခဲ့တယ်လို့ သိရပါတယ်။

ယင်း မီးလောင်မှုကြောင့် ရပ်ကွက်နေ ပြည်သူ ၄၀၀ လောက် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ကြရပါတယ်။

ဒဏ်ရာရသူ ရှစ်ဦးထက် မနည်း ရှိခဲ့ကြောင်း သိရပါတယ်။

Frei Bonn အမည်ရ မြို့စွန် ရပ်ကွက်မှာ ယင်းနေ့ ဒေသစံတော်ချိန် ညနေ ၄ နာရီ ခွဲလောက်မှာ မီးစတင် လောင်ကျွမ်းခဲ့တာဖြစ်ပြီး ဒေသမှာ ရှိတဲ့ မီးသတ်ယာဉ် အားလုံး လာရောက်ငြှိမ်းသတ်ပေးခဲ့ရတယ်လို့ သိရပါတယ်။

မီးလောင်ကျွမ်းမှုကြောင့် အဆိုပါ ဆင်းရဲသားရပ်ကွက်ရဲ့ ၆၅ ရာခိုင်နှုန်းလောက် မီးထဲပါ ပြာကျသွားခဲ့တယ်လို့ သိရပါတယ်။