မြွေသားဟင်းလျာများ တည်ခင်းရောင်းချနေသည့် ဗီယက်နမ်ဆိုင်

.

စက်တင်ဘာ ၁၁ ။          ။ မြွေသားဟင်းလျာပေါင်းစုံနဲ့ မြွေသွေးပါဝင်တဲ့ ၀ိုင်ကောင်းကောင်း သောက်ချင်သူတွေအတွက် ဗီယက်နမ်မြောက်ပိုင်း၊ တောအုပ်ထဲမှာ မြွေဟင်းလျာသီးသန့်ရောင်းချနေတဲ့ ဆိုင်လေးတစ်ဆိုင် ဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။

မြွေသားစားသုံးခြင်းအားဖြင့် ခန္ဓာကိုယ်တွင်းရှိ အပူချိန်လွန်ကဲမှုကို ထိန်းညှိပေးနိုင်သလို ခေါင်းကိုက်ဝေဒနာ သက်သာစေပြီး အစာချေဖျက်တဲ့စနစ်အားကောင်းစေတယ်လို့ ဗီယက်နမ်ဒေသခံတွေက  ယုံကြည်ကြပါတယ်။

“စပါးလင်၊ ငရုတ်သီးတွေရောစပ်ပြီး မြွေသားကို ချက်ပြုတ်ကြော်လှော်ထားတဲ့ ဟင်းလျာတွေနဲ့အတူ မြွေသွေးပါဝင်တဲ့ ဆန်ဝိုင်ကို သုံးဆောင်လေ့ရှိကြပါတယ်။”လို့ ဟနွိုင်းမြို့အနောက်မြောက်ဘက်ခြမ်း၊ ယန်ပိုင်ပြည်နယ်က စားသောက်ဆိုင်မှာ အလုပ်လုပ်နေတဲ့ စားဖိုမှူးတင်းရှန်တန်က ပြောပါတယ်။

မြွေရဲ့ခေါင်းနားကို ဓားနဲ့ဖောက်ပြီး သွေးတွေကို ဆန်ဝိုင်နဲ့ ရောစပ်နေတဲ့ စားဖိုမှူးတင်းရှန်တန်ကို တွေ့မြင်ရမှာဖြစ်ပါတယ်။

“မြွေအရေခွံနဲ့ ခေါင်းကလွဲပြီး ကျန်တဲ့မြွေသားတွေ၊ မြွေသွေးတွေကို အသုံးပြုထားပါတယ်။”လို့ အသက် ၃၂ နှစ်အရွယ် စားဖိုမှူးတင်းရှန်တန်က ဆက်ပြောပါတယ်။

“မြွေတွေကို ဒီလိုချက်ပြုတ်စားသုံးတာဟာ မမှန်ကန်တဲ့နည်းလမ်းဖြစ်သလို တောတောင်ရေမြေရဲ့သဘာဝကို နှောင့်ယှက်ရာရောက်ပါတယ်။”လို့ တောရိုင်းတိရိစ္ဆာန်အထူးပြုပညာရှင် ဒန်ကလာက ပြောခဲ့ပါတယ်။