ဧရာဝတီတိုင်းအတွင် ဝင်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ၅၀၃ဦးလုံး စိစစ်အတည်ပြုပြီး

ဧရာဝတီတိုင်းအတွင် ဝင်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ၅၀၃ဦးလုံး စိစစ်အတည်ပြုပြီး

ပုသိမ်၊ စက်တင်ဘာ ၇ ။ ။ ရွေးကောက်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီးအတွင်း ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ၅၀၃ဦးကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က စိစစ်အတည်ပြုခဲ့ပြီးဖြစ်ကြောင်း တိုင်း ကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးအောင်မြင့်က မီဒီယာများကို စက်တင်ဘာ ၇ရက်က ပြောကြားလိုက်သည်။

"ဒီနေ့ ညနေမှာ ကျန်တဲ့ ၃မြို့နယ်ကို အတည်ပြုပေးလိုက်ပါပြီ။ ပထမ၃နေရာကျန်နေလို့ မကပ်သေးတာပါ။ ဒီနေ့ညနေ ကပ်တော့မှာ"ဟု တိုင်းကော်မရှင်ဥက္ကဋ္ဌ ဦးအောင်မြင့်က ပြောသည်။

မြောင်းမြမြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦး၊ ပုသိမ် အမှတ် ၂ တိုင်းဒေသကြီး ကိုယ်စားလှယ်တစ်ဦး၊ သာပေါင်းမြို့နယ် အမှတ် ၂ တိုင်းဒေသကြီး ကိုယ်စားလှယ်တစ်ဦးကို ပြန်လည်စိစစ်နေခြင်းကြောင့် ကိုယ်စားလှယ်လောင်း အမည်စာရင်း ကြေငြာရမည့် စက်တင်ဘာ ၅ရက်တွင် မကပ်နိုင်ဘဲ နောက်ကျနေခြင်း ဖြစ်သည်ဟု ၎င်းက ရှင်းပြခြင်းဖြစ်သည်။

တိုင်းဒေသကြီး ၂၆ မြို့နယ် တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၁၅၂ ဦး၊ အမျိုးသား လွှတ်တော်တွင် ၆၁ ဦးနှင့် တိုင်းဒေသကြီး လွှတ်တော် အမှတ် ၁ နှင့် ၂ တွင် ၂၉၀ ဦးတို့ ကိုယ်စား လှယ်အဖြစ် ယှဉ်ပြိုင်မည်ဖြစ်သည်။

အမျိုးသားလွှတ် တော်အတွက် ကိုယ်စားလှယ်လောင်း ၁၂ ဦး၊ ပြည်သူလွှတ်တော်အတွက် ကိုယ်စားလှယ်လောင်း ၂၆ ဦးနှင့် တိုင်းဒေသကြီးကိုယ်စားလှယ် ၅၂ ဦး ရွေးချယ်ခံရမည်ဖြစ်သည်။

ဧရာဝတီတိုင် းဒေသကြီးတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ မြန်မာနိုင်ငံ တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးပါတီ၊ ကရင်ပြည်သူ့ပါတီ၊ အမျိုးသားတိုးတက်ရေးပါတီ၊ ခေတ်သစ်ပြည်သူ့ပါတီ၊ အမျိုးသားဒီမိုကရေစီအင်အားစု၊ ကရင်အမျိုးသားပါတီ၊ မြန်မာနိုင်ငံ တောင်သူလယ်သမား အလုပ်သမားပါတီ၊ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ၊ ဒီမိုကရက်တစ်ပါတီ(မြန်မာ)၊ အမျိုးသား တိုးတက်မြင့်မားရေးပါတီ၊ ဖက်ဒရယ်ပြည်ထောင်စုပါတီ၊ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ၊ ညီညွတ်သော ဒီမိုကရက်တစ် ပါတီ၊ ရခိုင်အမျိုးသားပါတီနှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ၁၂ ဦး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ ထိုအထဲတွင် အမျိုးသမီး လွှတ်တော်အမတ်လောင်း ၄၆ ဦး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly