ထိပ်သီးအစည်းအဝေး ထပ်လုပ်ဖို့အကြောင်း ပြောထားတဲ့ စာတစ်စောင် ကင်မ်ဂျုံအန်းက ဒေါ်နယ်ထရမ့်ဆီ ပေးပို့

.

စက်တင်ဘာ ၁၁ ။      ။ နှစ်နိုင်ငံအကြား ဒုတိယမြောက် ထိပ်သီးအစည်းအဝေးတစ်ရပ် ထပ်လုပ်ဖို့ ပြောထားတဲ့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအန်းဆီက ပေးစာတစ်စောင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဆီ ရောက်ရှိခဲ့ကြောင်း အိမ်ဖြူတော်က ထုတ်ပြန်သွားပါတယ်။

" မြောက်ကိုရီးယားခေါင်းဆောင် ဆီကနေ ပေးပို့လာတဲ့ စာတစ်စောင်ကို သမ္မတ ထရမ့် လက်ခံရရှိခဲ့ပါတယ်၊ ဒီကတော့ အင်မတန် နွေးထွေးပြီး အရမ်းကို အပြုသဘောဆောင်တဲ့ စာတစ်စောင် ဖြစ်ပါတယ်" ဆိုပြီး အိမ်ဖြူတော် ပြောခွင့်ရပုဂ္ဂိုလ် ဆာရာ ဆန်းဒါးစ်က ပြောပါတယ်။

ယခု မက်ဆေ့ခ်ျကတော့ ပြုံယမ်းအာဏာပိုင်တို့အနေနဲ့ ကိုရီးယားကျွန်းဆွယ်မှာ နျူကင်းစင်ရေးအပေါ် ဆက်လက်ဖော်ဆောင်ဖို့ အာရုံစိုက်နေတယ်ဆိုတာကို ပြသနေတယ်လို့ ဆိုပါတယ်။

"ဒီစာရဲ့ အဓိက ဆိုလိုရင်း ရည်ရွယ်ချက်ကတော့ သမ္မတနဲ့အကြား နောက်တစ်ကြိမ် အစည်းအဝေး ထပ်စီစဉ်ဖို့ ဖြစ်ပါတယ်၊ ဒီအတွက်လည်း ကျွန်မတို့ဘက်ကတော့ လမ်းဖွင့်ထားပါတယ်၊ လိုအပ်တဲ့ ညှိနှိုင်းဆောင်ရွက်မှုတွေကိုလည်း လုပ်နေပါတယ်" ဆိုပြီး ဆန်းဒါးစ်က ပြောသွားပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအန်းတို့ကတော့ ပြီးခဲ့တဲ့ဇွန်လက စင်ကာပူမှာ တွေ့ဆုံထားခဲ့ကြပါတယ်။
 

Tags: