တစ်မီတာကျော်ရှည်လျားသည့် စပါးကြီးမြွေအား ဘတ်စ်ကားအင်ဂျင်ထဲတွင် တွေ့ရှိ

.

စက်တင်ဘာ ၁၁ ။         ။ ကိုလံဘီယာနိုင်ငံ၊ ဘိုကိုတာမြို့မှာ နေထိုင်တဲ့ ဘတ်စ်ကားသမားတစ်ဦးရဲ့ ဘတ်စ်ကားအင်ဂျင်ထဲမှာ တစ်မီတာကျော်ရှည်လျားတဲ့ စပါးကြီးမြွေကို ပြီးခဲ့တဲ့ တနင်္လာနေ့မှာ တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

ကားပြုပြင်ထိန်းသိမ်းမှုလုပ်နေချိန်မှာ အဆိုပါစပါးကြီးမြွေကို တွေ့တွေ့ချင်း ဘတ်စ်ကားသမားဟာ တိရိစ္ဆာန်ထိန်းသိမ်းရေးအရာရှိတွေကို အကြောင်းကြားခဲ့တာဖြစ်ပါတယ်။

စပါးကြီးမြွေရဲ့ ကျန်းမာရေးအခြေအနေကို အာဏာပိုင်တွေက စစ်ဆေးခဲ့ကြပြီး လက်ရှိအချိန်မှာ ထိန်းသိမ်းစောင့်ရှောက်ထားတာဖြစ်ပါတယ်။

သဘာဝထိန်းသိမ်းကာကွယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ၂၀၁၆ ခုနှစ်ကတည်းက ကယ်တင်လာခဲ့တဲ့ တိရိစ္ဆာန်အကောင်ရေ ၂၂၂၀ ကျော်ရှိခဲ့ပြီး ၁၈၀၀ ကျော်ကို ကုန်ကူးသူတွေရဲ့ လက်ကနေ ကယ်ထင်ထားတယ်လို့ သိရပါတယ်။

ဘိုကိုတာမြို့က ဆိုင်မန်ဘိုလီဗာပန်းခြံမှာ စွန့်ပစ်ခံထားရတဲ့ ၁ ဒသမ ၆ မီတာ (၅ ပေ ၃ လက်မခန့်) ရှည်လျားတဲ့ စပါးကြီးမြွေတစ်ကောင်ကိုလည်း ပြီးခဲ့တဲ့ မတ်လ ၄ ရက်နေ့တုန်းက ကယ်ဆယ်နိုင်ခဲ့တယ်လို့ အာဏာပိုင်တွေကပြောပါတယ်။