ကိုလံဘီယာရှိ အဆောက်အဦပေါ် တက်ခဲ့သည့် ရုရှပင့်ကူလူသား အဖမ်းခံရ

.

စက်တင်ဘာ ၁၁ ။           ။ ရုရှပင့်ကူလူသားလို့ နာမည်ကြီးနေတဲ့ ရုရှနိုင်ငံသား ပိုင်ဘယ်လ်ဂိုဂူလန်ဟာ ပြီးခဲ့တဲ့ တနင်္လာနေ့က ကိုလံဘီယာနိုင်ငံ၊ မဒဲအင်းမြို့ရှိ ၁၇၇ ပေမြင့်တဲ့ ၁၂ ထပ်တိုက်ပေါ် တက်ခဲ့တယ်လို့ သိရပါတယ်။

ပိုင်ဘယ်လ်ဟာ အဆိုပါတိုက်ကြီးပေါ် တက်နေချိန်မှာ အကာအကွယ်လုံးဝမပါတဲ့အပြင် ရှပ်အင်္ကျီကိုချွတ်ထားခဲ့ပြီး လက်အိတ်စွပ်ကာ နားကြပ်တပ်၊ သီချင်းဖွင့်ပြီး တက်ခဲ့တာဖြစ်ပါတယ်။

အသက် ၂၅ နှစ်အရွယ် ပိုင်ဘယ်လ်တစ်ယောက် အဆိုပါတိုက်ရဲ့ ခေါင်မိုးပေါ်ရောက်တဲ့အချိန်မှာပဲ လုံခြုံရေးတွေက ၎င်းကိုလာရောက်ဖမ်းဆီးခဲ့ပါတယ်။

ပိုင်ဘယ်လ်တက်ခဲ့တဲ့ အဆောက်အဦဟာ ကိုလံဘီယာနိုင်ငံရဲ့အရေးပါတဲ့ အဆောက်အဦတစ်ခုဖြစ်တဲ့အတွက် ယခုလိုဖမ်းဆီးခံရတာဖြစ်ပါတယ်။

“ဒါက အရေးကြီးတဲ့ အဆောက်အဦဆိုတာ ကျွန်တော်သိတယ်။ သူတို့ကျွန်တော့်ကိုဖမ်းပြီး ဘာလုပ်မလဲဆိုတာ ကျွန်တော်လည်း သိချင်နေတယ်။”လို့ ပိုင်ဘယ်လ်ကပြောပါတယ်။

“သူများတွေက အားကစားလုပ်ရတာ ၀ါသနာပါတယ်။ ကျွန်တော်က အဆောက်အဦတွေပေါ် တက်ရတာကြိုက်တယ်။ ဘာလို့ကြိုက်လဲဆိုတာ ကျွန်တော်လည်း မသိဘူး။ ဒီလိုတက်လို့လည်း တစ်ခါမှ ဒဏ်ရာမရဖူးဘူး။”လို့ ရုရှပင့်ကူလူသား ပိုင်ဘယ်လ်က ဆက်ပြောပါတယ်။

ပိုင်ဘယ်လ်ဟာ နယူးယော့ခ်ရှိ ၇၃၅ ပေမြင့်မားတဲ့ ဆောက်လက်စ အဆောက်အဦကြီးပေါ် တက်ခဲ့ပါသေးတယ်။

နိုင်ငံပေါင်း ၅၀ ကျော်မှာတည်ရှိတဲ့ အဆောက်အဦပေါင်း ၂၀၀ ကျော် တက်ခဲ့ဖူးတဲ့ ပိုင်ဘယ်လ်ဟာ ဒူဘိုင်းမြို့ရဲ့ ၂၇၁၆ ပေမြင့်မားတဲ့ ဘာ့ဂ်ျခလီဖာ မိုးမျှော်တိုက်ကြီးပေါ် အရောက်တက်နိုင်ဖို့ ရည်ရွယ်ထားတယ်လို့ သိရပါတယ်။