စစ်ရာဇ၀တ်မှုကို စုံစမ်းမယ့် ICC တရားသူကြီးတွေကို ဖမ်းဆီးမည်ဟု အမေရိကန် ခြိမ်းခြောက်

.

ဝါရှင်တန်၊ စက်တင်ဘာ ၁၁ ။           ။ အာဖဂန်နစ္စတန်မှာ အမှုထမ်းခဲ့တဲ့ ဘယ်သို့သော အမေရိကန်ကိုမဆို စစ်ရာဇ၀တ်မှုနဲ့ အပြည်ပြည်ဆိုင်ရာတရားရုံး ICC က စုံစမ်းစစ်ဆေးတာမျိုးတွေ လုပ်ခဲ့ရင် ဒီတရားရုံးက တရားသူကြီးတွေနဲ့ အခြားတာဝန်ရှိသူတွေကို ဖမ်းဆီးပြီး ဒဏ်ခတ်ပိတ်ဆို့မယ်လို့ အမေရိကန်က ခြိမ်းခြောက်လိုက်ပါတယ်။

သည်ဟိတ်မှာ အခြေစိုက်တဲ့ ICC တရားရုံးဟာ တာဝန်မဲ့ပြီး အမေရိကန်၊ အစ္စရေးနဲ့ အခြားမဟာမိတ်တွေကို လုံးလုံးလျားလျား အန္တရာယ်ပေးနေကြောင်း အိမ်ဖြူတော် အမျိုးသားလုံခြုံရေး အကြံပေး ဂျွန်ဘော်တန်က ပြောလိုက်တာ ဖြစ်ပါတယ်။

အမေရိကန် စစ်မှုထမ်း ဘယ်သူကိုမဆို ICC က စုံစမ်းစစ်ဆေးမှု လုပ်မယ်ဆိုခြင်းဟာ လုံးလုံးအခြေအမြစ်မရှိဘဲ မမျှတတဲ့ စုံစမ်းစစ်ဆေးမှုဖြစ်တယ်လို့လည်း ဂျွန်ဘော်တန်က ဆိုပါတယ်။

“တကယ်လို့ ကျွန်တော်တို့ရယ်၊ အစ္စရေးနဲ့ အခြားအမေရိကန် မဟာမိတ်တွေကို ICC က စုံစမ်းစစ်ဆေးလာမယ်ဆိုရင်တော့ ကျွန်တော်တို့က ငြိမ်ငြိမ်လေး ထိုင်နေမှာ မဟုတ်ဘူး။”လို့လည်း သူက ပြောပါတယ်။

ဘယ်အမေရိကန်ကို မဆို တရားစွဲဆို စစ်ဆေးတာမျိုး လုပ်ဆောင်ခဲ့ရင် အမေရိကန်အနေနဲ့ ICC ကို ဘဏ္ဍာရေးဆန်ရှင် ချမှတ်ပြီး တာဝန်ရှိသူတွေကိုလည်း ရာဇ၀တ်မှုနဲ့ စွဲချက်တင်ဖို့ ပြင်ဆင်ထားပြီးလည်း ဖြစ်ကြောင်း ဂျွန်ဘော်တန် ပြောခဲ့ပါတယ်။

အာဖဂန်နစ္စတန်မှာ အမေရိကန် စစ်သားတွေနဲ့ ထောက်လှမ်းရေးအရာရှိတွေကို စစ်ရာဇ၀တ်မှုနဲ့ အမှုဖွင့်ဖို့ ၂၀၁၇ နိုဝင်ဘာလအတွင်းက ICC တရားသူကြီးတစ်ဦးက အရေးဆိုခဲ့တာကို ထောက်ပြရင်း ဂျွန်ဘော်တန်က ပြောခဲ့တာပဲ ဖြစ်ပါတယ်။