လူသတ်မှုကျူးလွန်သူဟု သံသယရှိသူက ရဲတပ်ဖွဲ့အား ပြန်လည်ခုခံသဖြင့် သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီး

.

စက်တင်ဘာလ ၁၀ရက် ။           ။ ရွှေသောင်ယံမြို့နယ်ခွဲ၊ သပေါ့ကန်ကျေးရွာတွင် လူသတ်ပြီး တောထဲဝင်နေသည့်သူအား စက်တင်ဘာလ ၉ ရက်နေ့က သွားရောက်ဖမ်းဆီးရာ ရဲတပ်ဖွဲ့အား ပြန်လည်ခုခံသဖြင့် ပစ်ခတ်ပြီး ဖမ်းဆီးခဲ့ရကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ဖြစ်စဉ်မှာ စက်တင်ဘာလ ၈ ရက်နေ့တွင် ရွှေသောင်ယံမြို့နယ်ခွဲ၊ သဘော့ကန်ကျေးရွာနေ မစိုးစိုးဝင်း အိမ်သို့ ၄င်းနှင့်ကွဲနေသည့် ခင်ပွန်းဟောင်း ဝေရှင်းဆိုသူက ရောက်ရှိလာပြီး ပြန်လိုက်ရန် ခေါ်ယူရာ မစိုးစိုးဝင်းက မလိုက်နိုင်ကြောင်း ပြောသဖြင့် အဆိုပါအမျိုးသားက ထိုးကြိတ်ခဲ့သောကြောင့် အမျိုးသမီးမှာ ဒဏ်ရာများ ရရှိခဲ့သည်။

ဝေရှင်းဆိုသူက မစိုးစိုးဝင်း၏မိသားစုဝင်များအား သတ်ပစ်မည်ဟု ကြိမ်းမောင်းပြီး တောထဲသို့ ဝင်သွားခဲ့ကြောင်း၊အဆိုပါနေ့တွင် တောထဲကို ဟင်းသီးဟင်းရွက်ခူးသွားသော မစိုးစိုးဝင်း၏ အဒေါ် ဒေါ်မဲ(ခ)ဒေါ်စန်းမြကို တောထဲ တစ်နေရာတွင် ဒဏ်ရာ ဒဏ်ချက်များနှင့်လဲကျသေဆုံးနေခြင်း ဖြစ်သည်။

 “ဒေါ်မဲကို သတ်တဲ့ တရားခံကို အရေးယူပေးဖို့ မစိုးစိုးဝင်း က တရားလိုလုပ်ပြီး အမှုဖွင့်ထားတယ် ” ဟု ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့ မှူးရုံးမှ ဒုတိယရဲမှူးကြီးထွန်းရွှေ က ပြောသည်။

ကျူးလွန်သည်ဟု ယူဆရသူ ဝေရှင်းအား သွားရောက်ဖမ်းဆီးစဉ် ဝေရှင်းမှာ ၄င်းလက်ထဲရှိ ကိုင်းခုတ်ဓားဖြင့် ရဲတပ်သားအား ၀င်ရောက်ခုတ်သဖြင့် ပစ်ခတ်ပြီး အသေဖမ်းဆီးရမိခဲ့သည်။

 “ တရားခံဖမ်းဆီးရမိရေးအတွက် ရွှေသောင်ယံနယ်မြေရဲစခန်းက ရဲအုပ် ရဲလေးနှင့် ရွှေသောင်ယံရပ်မိရပ်ဖ တွေက တောထဲမှာ တောနင်းရှာတယ်။ စက်တင်ဘာလ ၉ ရက်နေ့ ၊၁၂ နာရီကျော်လောက်မှာ  ဆင်သေ ချောင်းဖျားအထက်ဖက် ၁ မိုင်ခန့် အကွာ တရားခံ ဝေရှင်းကို တွေ့ ရတယ် ၊သူ့လက်ထဲမှာ ကိုင်းခုတ်ဓား တစ်လက်ပါတယ်။ အဖမ်းခံဖို့ ပြောတဲ့ အချိန်မှာ အဖမ်းမခံဘဲ ကိုင်းခုတ်ဓားနဲ့ ခုတ်ဖို့ ပြေးလာလို့၊ ခြောက် လန့်ပြီး သေနတ် တစ်ချက် ဖောက်လိုက်တယ်။ ဖမ်းဆီးဖို့ မနာခံဘူး။  ခြောက်လန့်ပစ်ခတ်တဲ့ ရဲတပ်သားအနား ကို ဓားနဲ့ ခုတ်ဖို့ ၀င်လာတယ် ၊ ရဲတပ်သားက သေနတ်နဲ့ နှစ်ချက် ပစ်လိုက်တယ်။ ရင်ဘတ်မှာ တစ်ချက်၊ နံဘေးမှာ တစ်ချက် ထိပြီးတော့ တရားခံကို အသေဖမ်းဆီးရမိတယ် ”ဟု ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး မှ ဒုတိယရဲမှူးကြီးထွန်းရွှေက ဖြစ်စဉ်နှင့်ပတ်သက်ပြီး ပြောသည်။

လက်ရှိတွင် ရွှေသောင်ယံနယ်မြေရဲစခန်းမှ ပနံပတ်၂၃/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၀၂ အရ အမှုဖွင့်ထား ကြောင်း သိရှိရသည်။