၅ နှစ်ကြာပြီးမှ ပထမဆုံးအကြိမ် ပြန်ကျင်းပတဲ့ မြောက်ကိုရီးယား လူထုအနုပညာဖျော်ဖြေပွဲ

.

စက်တင်ဘာ ၁၀ ။           ။ မြောက်ကိုရီးယားနိုင်ငံ တည်ထောင်ခြင်း အနှစ် ၇၀ ပြည့်အထိမ်းအမှတ်အဖြစ် ကြီးမားခမ်းနားလှတဲ့ လူထု အနုပညာဖျော်ဖြေပွဲကြီးတစ်ရပ်ကို စက်တင်ဘာ ၉ ရက်က ပြုံယမ်းမြို့မှာ ကျင်းပခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ ပွဲကတော့ ယင်းနိုင်ငံမှာ ပြီးခဲ့တဲ့ ငါးနှစ်တာအတွင်း ပထမဆုံးအကြိမ် ပြန်ကျင်းပခဲ့တာဖြစ်ပါတယ်။

နိုင်ငံသားအားလုံး သီဆိုကခုန်ကြသည် ဆိုတဲ့ ၀ါဒဖြန့်မှု ဆိုင်ရာ ထုတ်ဖော်ပြသမှုအဖြစ် ယင်း အကြီးအကျယ်ဆုံး ဖျော်ဖြေပွဲကြီးကို ကျင်းပလာခဲ့တာဖြစ်ပါတယ်။

လပေါင်းများစွာ အကြိုဇာတ်တိုက်လေ့ကျင့်ခဲ့ရတဲ့ ယင်းဖျော်ဖြေပွဲကြီးကိုတော့ May Day ဇာတ်ရုံကြီးမှာ ကျင်းပခဲ့ရာမှာတော့ ပါဝင်တင်ဆက် အသုံးတော်ခံသူ ထောင်နဲ့ချီအထိ ရှိခဲ့ပါတယ်။

ယင်းပွဲမှာတော့ နိုင်ငံသမိုင်းနဲ့ စွမ်းဆောင်အောင်မြင်ထားမှုတွေကို တေးသီချင်းတွေ၊ ကကွက်တွေနဲ့ သရုပ်ဖော်တင်ဆက်ဖျော်ဖြေသွားခဲ့တာဖြစ်ပါတယ်။