YBS ၂၁ ယာဉ်လိုင်းမှ ယာဉ်အစီးရေ ၅ဝ ထပ်တိုးပြေးဆွဲပေးမည်

.

Power Eleven ကုမ္ပဏီလက်အောက်တွင် ပြေးဆွဲနေသော YBS ၂၁ ယာဉ်လိုင်းအား တွေ့ရစဉ်။

ရန်ကုန်၊ စက်တင်ဘာလ ၁ဝ ။        ။ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ် မှ မော်တင်ထိပြေးဆွဲပေးနေသည့် YBS ၂၁ ယာဉ်လိုင်းသည် အနောက်ပိုင်း တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများအဆင်ပြေစေရန်အတွက် ယာဉ်အစီးရေ ၅ဝ ကို ထပ်တိုးပြေးဆွဲပေးမည်ဟု Power Eleven ကုမ္ပဏီမှ အုပ်ချုပ်မှုဒါရိုက်တာ ကိုတရုတ်လေးက ပြောသည်။

Power Eleven  ကုမ္ပဏီသို့ ခရီးသည်များက ဖုန်းဆက်၍ ကားဆက်များပြတ်ခြင်း၊ ကားစောင့်ဆိုင်းရသည့် အချိန်ကြာမြင့်ခြင်း၊ ယခုလိုင်းမှယာဉ်များ အခြားလိုင်းများ၌ ပြေးဆွဲနေကြောင်း အသိပေးမှုများရှိနေသဖြင့် ယခုကဲ့သို့ ယာဉ်အစီးရေများ ထပ်တိုးပြေးဆွဲပေးရန် စီစဉ်ခြင်းဖြစ်ကြောင်း ကိုတရုတ်လေးက မဇ္ဈိမသို့ ပြောသည်။

“ အဓိကတော့ ကားအဆက်ပြတ်တာပေါ့။ ကားဆက်ပြတ်တာဆိုတော့ အဓိက ကျွန်တော်တို့က ကား အင်အား ပြန်တိုးမှဖြစ်မယ်။ ပြန်တိုးမှဖြစ်မယ်ဆိုတာက  တကယ်တော့ ၂၁ လိုင်းမှာက ကားတွေက အများကြီးပဲ။ သို့သော်လည်းပဲ အနောက်ပိုင်းတက္ကသိုလ်ကျောင်းထဲတစိုက်မတ်မတ်ဆွဲတာက ကျွန်တော်တို့ လိုင်းတွေပဲဆွဲတာ။ ကျန်တဲ့လိုင်းတွေက ကျောင်းချိန် ကျောင်းသားရှိလို့ချင်ရင် ဝင်ဆွဲတယ်။ ကျောင်းလွှတ်ချိန် ပြီးသွားလို့ ကျောင်းသားမရှိတော့ဘူးဆိုရင် ကျောင်းထဲကိုမဝင်တော့ဘူး။ အဲ့ဒီတော့ ကားက များတော့ များတယ်။ တကယ်တမ်း တက္ကသိုလ်ထဲကို သေသေချာချာဆွဲတာက  ကျွန်တော်တို့လိုင်းပဲရှိတယ်”ဟု ကိုတရုတ်လေးက ပြောသည်။

ထိုသို့ ယာဉ်အစီးရေ ထပ်တိုးပြေးဆွဲပေးနိုင်ရန်အတွက် ယခုလအတွင်း YRTA သို့ စာတင်သွားမည်ဖြစ်ပြီး ယာဉ်အစီးရေ ၅ဝ ထိ တိုးချဲ့ပြေးဆွဲပေးသွားမည်ဖြစ်သည်။

Power Eleven ကုမ္ပဏီ၏ YBS ၂၁ ယာဉ်လိုင်းတွင် ယခင်က ယာဉ်အစီးရေ ၈၃ စီးဖြင့် ခရီးသည် ၃ သောင်း ၅ ထောင်ခန့်ကို နေ့စဉ်ပို့ဆောင်ပေးခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် ခရီးလမ်းကြောင်းတူ၊ လိုင်းနံပါတ်ပါတူသည့် ခေတ်သစ်ဘုရင့်နောင်ကုမ္ပဏီသို့ ယာဉ်အစီးရေ ၃၅ စီးပြောင်းရွှေ့သွားခဲ့သဖြင့် Power Eleven ကုမ္ပဏီ YBS ၂၁ ယာဉ်လိုင်းမှာ ယာဉ်အစီးရေ ၄၈ ဖြင့် ပြေးဆွဲ ပေးနေခြင်းဖြစ်သည်။