မန္တလေးသေနတ်ပစ်လုယက်မှု စတင်ရုံးထုတ်စစ်ဆေး

.

(ဓာတ်ပုံ၊အောင်ကိုဦး၊မဇ္ဈိမ)

မန္တလေး၊ စက်တင်ဘာ ၁၀ ။          ။ မန္တလေးမြို့မှာ ပြီးခဲ့တဲ့ သြဂုတ်လ ၁၃ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ သေနတ်ပစ်ခတ် လုယက်ခဲ့သူတစ်ဦးကို ဒီနေ့ စက်တင်ဘာလ ၁၀ရက်၊ညနေ ၄ နာရီက မန္တလေးခရိုင်တရားရုံးမှာ စတင်ရုံးထုတ် စစ်ဆေးခဲ့ပါတယ်။

ဆိုင်ကယ်နဲ့ ဘဏ်တစ်ခုမှ ငွေထုတ်ပြန်လာသူ နှစ်ဦးရဲ့ လက်ကိုင်အိတ်ကို လုယက်ပြီး သေနတ်ဖြင့်ပစ်ခဲ့ခြင်းဖြစ်ပြီး သေနတ်ပစ်ခတ်ခံရသူများမှာ မြရည်နန္ဒာရပ်ကွက်အတွင်းမှာ ခေါင်ရည်ဆိုင်ဖွင့်လှစ်ထားတဲ့ လီလျှီချမ်း(ခ)ဇော်လင်းနှင့် မယွမ်ဖိန်း(ခ)မဟော်လောက်ဖိန်းတို့ ဖြစ်ပါတယ်။

မယွမ်ဖိန်း(ခ)မဟော်လောက်ဖိန်းမှာ နေရာတွင်သေဆုံးခဲ့ခြင်းဖြစ်ပြီး လီလျှီချမ်း(ခ)ဇော်လင်းမှာ သေနတ် ဒဏ်ရာရရှိခဲ့ကာ မန္တလေးပြည်သူ့ဆေးရုံးကြီးမှာ တက်ရောက်ကုသနေဆဲဖြစ်တယ်လို့လည်း သိရပါတယ်။

သေနတ်ဖြင့် ပစ်ခတ်ခဲ့သူမှာ ပုသိမ်ကြီးမြို့နယ်၊အုန်းချောကျေးရွာမှာ နေထိုင်သူဖြစ်ကာ ပန်းရန်လုပ်ငန်းလုပ်သူ ခွန်ကောလာ(၃၇ )နှစ်ဖြစ်ပြီး သူ့ထံကနေ စပိန်နိုင်ငံလုပ် ပွိုင့် 32 ပစ္စတိုတစ်လက်၊ ပွိုင့် 32 ကျည်နှင့် 9mm ကျည် ၂၂ တောင့်၊ ကျည်ထိပ်ဖူးတစ်ခု၊ ကျည်အိတ်နှစ်ခုတို့သိမ်းဆည်းရမိတယ်လို့သိရပါတယ်။

အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး အောင်ပင်လယ်ရဲစခန်းက ပြစ်မှုကျူးလွန်ခဲ့သူကို ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၉၄၊ပုဒ်မ ၃၀၂ တို့နဲ့ အမှုဖွင့်အရေးယူခဲ့တာလည်း ဖြစ်ပါတယ်။ စက်တင်ဘာလ ၁၇ ရက်မှာ ဒုတိယအကြိမ် ရုံးထုတ်စစ်ဆေးသွားမယ်လို့သိရပါတယ်။