နိုင်ငံရေးခေါင်းဆောင်မှုကို ဆွွေးနွေးရန် အတိုက်အခံများက ထပ်တလဲလဲတောင်းဆိုနေသော်လည်း ၀န်ကြီးချုပ်ကို အယုံအကြည်မရှိမဲပေးရန် အဆိုပြုမလာသေးဟု မလေးပါလီမန်ဥက္ကဌပြောကြား

နိုင်ငံရေးခေါင်းဆောင်မှုကို ဆွွေးနွေးရန် အတိုက်အခံများက ထပ်တလဲလဲတောင်းဆိုနေသော်လည်း ၀န်ကြီးချုပ်ကို အယုံအကြည်မရှိမဲပေးရန် အဆိုပြုမလာသေးဟု မလေးပါလီမန်ဥက္ကဌပြောကြား

ကွာလာလမ်ပူ၊ စက်တင်ဘာ - ၇ ။        ။ ဝန်ကြီးချုပ် နာဂျစ် ရာဇက်အာ အယုံအကြည်မရှိ မဲပေးရန် မည်သည့်အမတ်ကမျှ အဆိုပြုတင်သွားလာခြင်းမရှိသေးကြောင်း မလေးရှား ပါလီမန်ဥက္ကဌက စက်တင်ဘာ ၇ရက်နေ့တွင် ရှင်းလင်းပြောကြားခဲ့သည်။

ရွေးကောက်ပွဲ ပြုပြင်ပြောင်းလဲရေးအုပ်စု Bersihအတွင်းမှ လူများက လက်ရှိနိုင်ငံရေးခေါင်းဆောင်မှုကို ဆွေးနွေးရန်အတွက် အရေးပေါ် ပါလီမန်အစည်းအဝေး ခေါ်ယူရန် ထပ်တလဲလဲတောင်းဆိုနေစဉ် တွင် ယခုကဲ့သို့ ပါလီမန်ဥက္ကဌ၏ ပြောကြားချက် ထွက်ပေါ်လာခြင်းပင်ဖြစ်သည်။ တောင်းဆိုနေသူများထဲတွင် ဝန်ကြီးချုပ် နာဂျစ်ကို အယုံအကြည်မရှိမဲ ပေးကြရန် အွန်လိုင်းပန်ကြားမှုတစ်ခုကို စတင်ခဲ့ သည့် ယခင် Bersih ပူးတွဲဥက္ကဌဟောင်း အန်ဘီဂါ ဆရီနီဗာဆန်နှင့် အခြားအတိုက်အခံအမတ်များ ပါဝင်သည်။

''နောက်တစ်ကြိမ် လွှတ်တော်အစည်းအဝေးက အောက်တိုဘာလ ၁၉ရက်မှပါ။ အဝေးကြီးလိုပါသေးတယ်။ အကျပ်အတည်းကြုံနေရပြီဆိုတော့ ကျနော်တို့ စည်းလုံးဖို့ လိုအပ်ပါတယ်''ဟု အတိုက်အခံ လွှတ်တော်အမတ် ဖူဇီရာ ဆလက် ကူအန်တန်က ပြောကြားခဲ့သည်။

''နိုင်ငံကို အရင်ဆုံးစဉ်းစားရမှာပါ။ ဝန်ကြီးချုပ်ကိုအစားထိုးဖို့က အဓိကမဟုတ်ပါဘူး။ မလေးရှားလူထုနဲ့ ကမ္ဘာကြီးက ပြုပြင်ပြောင်းလဲမှုကို မြင်ချင်တာပါ''ဟု ၎င်းက ပြောကြားခဲ့သည်။

သို့ရာတွင် ပါလီမန်ဥက္ကဌကမူ ယခုအချိန်အထိ မည်သည့်လှုပ်ရှားမှုမျှ မရှိသေးဟုသာ အကြောက်အကန်ပြောဆိုနေသည်။

ပါလီမန်ရေးရာများကို တာဝန်ခံရန် ပူပူနွေးနွေးခန့်အပ်လိုက်သည့် ဝန်ကြိး အာဇာလီနာ အော့သမန်းကလည်း ဝန်ကြီးချုပ် နာဂျစ်ရာဇက်မှာ ပါလီမန် အမတ်နေရာ ၂၂၂အနက်  အမတ်အများစုကို လွှမ်းမိုး ထားဆဲဖြစ်သောကြောင့် အရေးပေါ်အစည်းအဝေး ကျင်းပရန် မလိုအပ်ဟု ပြောကြားခဲ့သည်။ သို့ရာတွင် ပါလီမန်ဥက္ကဌ ပန်ဒီခါ အာမင်ကမူ ဝန်ကြီး၏ ယုံကြည်မှုကို စိန်ခေါ်လိုက်သည်။

''ဒါနဲ့ပတ်သက်လို့ ဘယ်ဝန်ကြီးမှ ဘာမှမလုပ်နိုင်ဘူး။ ပါလီမန်ရေးရာနဲ့ပတ်သက်လို့ ပါလီမန်ဥက္ကဌမှာပဲ ဆုံးဖြတ်နိုင်တဲ့ အာဏာရှိတယ်။ ဝန်ကြီးချုပ်မှာတောင်မရှိဘူး''ဟု ပန်ဒီခါက ပြောကြားခဲ့သည်။

လက်ရှိတွင် ဝန်ကြီးချုပ်နာဂျစ်၏ ဘာရီဆန်အမျိုးညွှန့်ပေါင်းအဖွဲ့က ပါလီမန်အမတ်နေရာ ၂၂၂အနက် ၁၃၃နေရာကို ထိန်းချုပ်ထားပြီး အတိုက်အခံပါတီအားလုံးပေါင်းမှ ၈၉နေရာသာရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly