မြန်မာရပ်ဝန်းတစ်ခု၊လမ်းကြောင်းတစ်ခု(OBOR) တွင် ကဏ္ဍပေါင်းအဆင့်မြှင့်တင်နိုင်ရန် လက်မှတ်ရေးထိုး

.

ရန်ကုန်၊ စက်တင်ဘာ ၁၀ ။       ။ မြန်မာရပ်ဝန်းတစ်ခု၊လမ်းကြောင်းတစ်ခု(One Belt One Road) တွင် ကဏ္ဍပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်ကာ အဆင့်မြှင့်တင်နိုင်ရေးအတွက် မြန်မာရပ်ဝန်းတစ်ခု လမ်းကြောင်းတစ်ခု (One Belt One Road) ဖွံ့ဖြိုး တိုးတက်ရေးအသင်း၊ မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်းနှင့် မကာအို-မြန်မာချစ်ကြည်ရေးအသင်း တို့ပူးပေါင်း ကာ စက်တင်ဘာလ ၁၀ ရက်နေ့၌ လက်မှတ်ရေးထိုးခဲ့ကြသည်။

Yangon Conference One Belt and One Road and Myanmar's Developement ဆိုသည့် ဆွေးနွေးပွဲကို ရန်ကုန်မြို့ ဆူးလေရှန်ဂရီလာဟိုတယ်တွင် စက်တင်ဘာလ ၁၀ ရက်နေ့၌ကျင်းပခဲ့ပြီး ယခုကဲ့သို့ လက်မှတ် ရေးထိုးခဲ့ကြခြင်းဖြစ်သည်။

"ဆောင်ရွက်တဲ့ရည်ရွယ်ချက်ကတော့ ဒီထဲမှာ ကဏ္ဍပေါင်းစုံပူးပေါင်းဆောင်ရွက်ဖို့ ပူးပေါင်းဆောင်ရွက်ပြီးတော့ တိုးမြှင့် အဆင့်မြှင့်ဖို့ပါ။ ပညာရေးအခန်းကဏ္ဍတွေ Vocational Training တွေ၊ ဒီထဲမှာခရီးသွားလုပ်ငန်းတွေ နောက်ပြီးရင်းနှီးမြှုပ်နှံမှုထဲမှာ မတူညီတဲ့အားလုံးကိုဆွဲဆောင်ပြီးတော့ ကျွန်တော်တို့ ဒီနေ့ကျင်းပရခြင်း ဖြစ်ပါ တယ်" ဟု မြန်မာရပ်ဝန်းတစ်ခု လမ်းကြောင်းတစ်ခု ဖွံ့ဖြိုးတိုးတက်ရေးအသင်း၏ ဒုတိယဥက္ကဋ္ဌ ဦးမျိုးအောင် က ပြောသည်။

မြန်မာနိုင်ငံတွင် ခရီးသွားလုပ်ငန်းကဏ္ဍကောင်းမွန်စေရေးအတွက် တွန်းအားပေးရန်လိုအပ်နေပြီး အိမ်နီးနားချင်း ဖြစ်သည့် ထိုင်းနိုင်ငံတွင် တရုတ်နိုင်ငံမှခရီးသွားများကို မှီခိုလုပ်ကိုင်နေရသည်ဟု ဦးမျိုးအောင်က ဆိုသည်။ ထို့အပြင် ခရီးသွားလုပ်ငန်းများမှ အလုပ်အကိုင်များစွာ ရရှိလာနိုင်မည်ဖြစ်သည်ဟု ၄င်းက ဆက်ပြောသည်။

"မြန်မာတရုတ်ချစ်ကြည်ရေးအသင်းကဦးဆောင်တယ်။ မြန်မာတစ်လမ်းတစ်ကြောင်းဖွံ့ဖြိုးရေးအသင်းကလည်း တွန်းအားပေးပြီးဆောင်ရွက်နေတယ်။ ဆောင်ရွက်တဲ့အချိန်မှာ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးဖို့က အလေးထားပြီး ဆောင်ရွက်နေတယ်။ သူတို့ဘက်ကလည်းစိတ်ဝင်စားဖို့များပါတယ်။ အခုဆိုရင်ဒီလိုမျိုးပွဲတွေကစိတ်လာပြီ ကျင်းပတာလည်းတောက်လျောက် သူတို့သိချင်တဲ့အချက်အလက်တွေမေးတယ်။ ကျွန်တော်တို့ကလည်း ဒါတွေဖြေပေးတယ်။ ဒီနေ့ဆိုရင်ညီနောင်အသင်းပေါင်း ၁၆ သင်းလောက်လာတက်တယ်" ဟု မြန်မာရပ်ဝန်း တစ်ခု၊လမ်းကြောင်းတစ်ခု ဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ ဦးမျိုးအောင်က ပြောသည်။

ရပ်ဝန်းတစ်ခုလမ်းကြောင်းတစ်ခု(OBOR) တွင် မဟာဓာတ်အားလိုင်းချိတ်ဆက်ရေး၊ ကျောက်ဖြူရေနက် ဆိပ်ကမ်း အစရှိသည့်အပိုင်းများပါဝင်နေပြီး ၂၀၁၇ ခုနှစ် မေလ၌ ဘေဂျင်းမြို့တွင် မြန်မာအပါအ၀င် နိုင်ငံပေါင်း ၂၈ နိုင်ငံမှခေါင်းဆောင်များနှင့် ရပ်ဝန်းတစ်ခုလမ်းကြောင်းတစ်ခုစီမံကိန်း၏ ညီလာခံကို ပြုလုပ်ခဲ့သည်။

တရုတ်မြန်မာချစ်ကြည်ရေးအသင်းကို မူဆယ်၊ လားရှိုး၊ မန္တလေး၊ တောင်ကြီး၊ မော်လမြိုင် များတွင် ပြည်သူလူထုချင်း နီးစပ်စေရန်ရည်ရွယ်၍ ဖွင့်လှစ်ထားပြီး မြန်မာရပ်ဝန်းတစ်ခု လမ်းကြောင်းတစ်ခု (One Belt One Road) ဖွံ့ဖြိုးတိုးတက်ရေးအသင်းမှာ လက်ရှိအချိန်တွင် ပြည်ထဲရေးဝန်ကြီးဌာနမှ ယာယီလိုင်စင်ရရှိ ထားပြီးဖြစ်သည်။