ရွာလုံးကျွတ်နီးပါး ဖျားနာနေသည့် နာဂဒေသသို့ ဝေဠုကျော်ဖောင်ဒေးရှင်းမှ ဆေးဝါးများလှူဒါန်း

.

နာဂဒေသသို့ လမ်းဖောက် အလှူနှင့် ပစ္စည်းများ ကူညီပံ့ပိုးသည့် ခရီးစဉ်တွင် ဝေဠုကျော်မှ ဒေသခံတစ်ဦးအား အနွေးထည်ဝတ်ပေးနေစဉ်

ရန်ကုန်၊ စက်တင်ဘာလ ၁ဝ ။      ။ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ်ရှိ ကျေးရွာအချို့တွင် ရာသီတုပ်ကွေးကြောင့် ရွာလုံးကျွတ် နီးပါး ဖျားနာနေသည့်အတွက် ဝေဠုကျော်ဖောင်ဒေးရှင်းမှ ကျပ်သိန်း ၅ဝ ခန့်တန်ဖိုးရှိ ဆေးဝါးများ၊ အဝတ် အထည်များနှင့် အာဟာရထုပ်များကို လှူဒါန်းခဲ့ကြောင်း ရုပ်ရှင်သရုပ်ဆောင်ဝေဠုကျော်၏ ဖခင်ဖြစ်သူက မဇ္ဈိမသို့ပြော သည်။

အဆိုပါ ကျေးရွာအချို့တွင် ပြီးခဲ့သည့် သြဂုတ်လ ၁၅ ရက်နေ့မှစတင်ပြီး ရွာလုံးကျွတ်နီးပါးထိ ဖျားနာမှု ဖြစ်ပွားနေပြီး စက်တင်ဘာလ ၉ ရက်နေ့ထိ ဖျားနာမှုကြောင့် သေဆုံးခဲ့သည့် ကလေးငယ်မှာ ၇ ဦးအထိ ရှိခဲ့ပြီဖြစ်သည်။

“ လိုအပ်တဲ့ ဆေးဝါးအစုံပေါ့။ ၁၃ မျိုး၊ အထုပ်နဲ့ဆိုရင် ပါကင်နဲ့ နှစ်ထုပ်လောက်ထုပ်ရတာပေါ့။ နောက် ZHULIAN ကုမ္ပဏီက လှူထားတဲ့ အဟာရထုပ်တွေ သိန်း ၂ဝ ဖိုးလှူဒါန်းတဲ့အတွက် ဒါတွေလည်းပါတယ်။ အဲ့မှာ ကလေးတွေက အဝတ်အစားချို့တဲ့အတွက် အဝတ်အစားတွေလည်းပါတာပေါ့။ အခုပို့လိုက်တာ တနိုင်းရောက်ပြီထင်တယ်။ တနိုင်းကတဆင့် နန်းယွန်းက လာယူမှာပေါ့။ အခုလည်း အစိုးအဖွဲ့နဲ့ ချိတ်ဆက် နေပါတယ်။ ထပ်လှူဖို့အတွက် အထုပ်တွေ ထပ်ထုပ်နေတယ် ”ဟု ရုပ်ရှင်သရုပ်ဆောင် ဝေဠုကျော်၏ ဖခင်ဖြစ် သူ ဦးစိုးသိမ်းက ပြောသည်။

အဆိုပါ အဖျားရောဂါခံစားနေရသည့် နာဂဒေသရှိ ရွာများသို့ ရုပ်ရှင်သရုပ်ဆောင် ဝေဠုကျော်ကိုယ်တိုင်ပါသွား ရောက်လှူဒါန်းရန် အစီအစဉ်များလုပ်ဆောင်နေကြောင်း သိရသည်။

လက်ရှိတွင် လူဦးရေ ၆ဝဝ ကျော်ရှိသည့် ရှန်ဟဲကျေးရွာမှာ စိုးရိမ်ရသည့် အနေအထားတွင်ရှိနေကြောင်း နန်းယွန်းမြို့နယ်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစိမ်းမောင်၏ ပြောပြချက်အရ သိရသည်။