ကမ္ဘောဒီးယား အတိုက်အခံပါတီခေါင်းဆောင် ခမ်ဆိုခါ လွတ်မြောက်လာပြီဖြစ်

.

စက်တင်ဘာ ၁၀ ။            ။ နိုင်ငံတော်ပုန်ကန်မှုနဲ့ တစ်နှစ်တိတိ အဖမ်းခံထားရတဲ့ ကမ္ဘောဒီးယား အတိုက်အခံပါတီခေါင်းဆောင် ခမ်ဆိုခါဟာ ယနေ့မနက်မှာပဲ လွတ်မြောက်လာပြီဖြစ်ပါတယ်။

အသက် ၆၅ နှစ်ရှိပြီဖြစ်တဲ့ ခမ်ဆိုခါကို ကျန်းမာရေးအခြေအနေချို့ယွင်းမှုကြောင့် ယခုလိုလွှတ်ပေးလိုက်တာဖြစ်တယ်လို့ ပြောရေးဆိုခွင့်ရှိသူတွေက ပြောပေမယ့် အသေးစိတ်ကိုတော့ ဖွင့်ဟပြောဆိုခြင်းမရှိဘူးလို့ သိရပါတယ်။

ခမ်ဆိုခါဟာ ဖနွမ်းပင်မှာရှိတဲ့ ၎င်းရဲ့နေအိမ်ကို ယနေ့မနက် ၃ နာရီခွဲမှာ ရောက်ရှိခဲ့တာဖြစ်ပြီး ၎င်းရဲ့ အိမ်ပတ်ပတ်လည်မှာ ရဲတပ်ဖွဲ့ဝင်တွေ စောင့်ကြပ်လျက်ရှိပါတယ်။

လက်ရှိကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ဟာ ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ၃ ရက်မှာ ခမ်ဆိုခါကို နိုင်ငံတော်ပုန်ကန်မှုနဲ့ ထောင်သွင်းအကျဉ်းချခဲ့တာဖြစ်ပါတယ်။

ခမ်ဆိုခါကို မလွတ်ပေးခင်က ၎င်းရဲ့ပြစ်မှုထင်ရှားရင် အနှစ်သုံးဆယ် ထောင်ချဖို့ စီရင်ချက်ချထားတယ်လို့ သိရပါတယ်။

ကမ္ဘောဒီးယားအမျိုးသားကယ်တင်ရေးပါတီ CNRP ခေါင်းဆောင် ခမ်ဆိုခါကို အကျဉ်းချလိုက်ပြီးနောက် ၀န်ကြီးချုပ် ဟွန်ဆန်ဟာ ပြီးခဲ့တဲ့ ဇူလိုင်လမှာ ကျင်းပတဲ့ ရွေးကောက်ပွဲမှာ အတိုက်အခံမရှိ အနိုင်ရရှိသွားခဲ့ပြီး ၎င်းရဲ့ ကမ္ဘောဒီးယားပြည်သူ့ပါတီဟာ လွှတ်တော်မှာ စိတ်တိုင်းကျ ခြယ်လှယ်ခွင့် ရခဲ့တာဖြစ်ပါတယ်။