နိုင်းအလဲဗင်းတိုက်ခိုက်မှုမှာ ပြိုကျပိမိခဲ့တဲ့ နယူးယောက်စီးတီး မြေအောက်ဘူတာရုံ ပြန်လည်ဖွင့်လှစ်

.

နယူးယောက်စီးတီး၊ စက်တင်ဘာ ၁၀ ။         ။ စက်တင်ဘာ ၁၁ ရက် နိုင်းအလဲဗင်း တိုက်ခိုက်မှု နှစ်ပတ်လည်ပြည့်မြောက်ဖို့ ရက်ပိုင်းအလိုမှာပဲ နယူးယောက်စီးတီး ဘူတာရုံကို ပြန်လည်ဖွင့်လှစ်ကာ ရထားတွေ ပြေးဆွဲနေပြီ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၁၇ နှစ်က ကမ္ဘာ့ကုန်သွယ်ရေးအဆောက်အအုံ အမြွာမျှော်စင်ကို လေယာဉ်နဲ့ ၀င်တိုက်လို့ ပြိုကျပျက်စီးရာမှာ ဒီဘူတာရုံဟာလည်း ပြိုကျပိမိခဲ့တာပဲ ဖြစ်ပါတယ်။

ခု ပြန်လည်ဖွင့်လှစ်နိုင်လို့ ရထားခုတ်မောင်းလာကာ ဘူတာမှာ ရပ်တန့်ချိန် ပြည်သူတွေက လက်ခုပ်တီး ကောင်းချီးပေးပြီး ဖုန်းတွေနဲ့ ဗီဒီယိုတွေ ရိုက်ကူးကြပါတယ်။

ခုဘူတာရုံဟာ အမြွာမျှော်စင်ရဲ့ အောက်မှာ ရှိတာပါ။ အယ်ခိုင်ဒါစစ်သွေးကြွတွေရဲ့ ခရီးသည်တင်လေယာဉ်တွေကို အပိုင်စီးပြီး ဒီအမြွာအဆောက်အအုံကို တိုက်ခိုက်ခဲ့တာဆိုရင် စက်တင်ဘာ ၉ ရက် ယနေ့မှာ ၁၇ တင်းတင်း ပြည့်မြောက်ပြီလည်း ဖြစ်ပါတယ်။

နိုင်းအလဲဗင်းတိုက်ခိုက်မှုမှာ အမေရိကန်ပြည်သူပေါင်း ၃၀၀၀ နီးပါး သေဆုံးခဲ့ပြီး ဒီတိုက်ခိုက်မှုနောက်ပိုင်း အယ်ခိုင်ဒါကို ချေမှုန်းဖို့ အီရတ်နဲ့ အာဖဂန်နစ္စတန်တို့မှာ ရေရှည်တိုက်ပွဲတွေ အမေရိကန်ဦးဆောင်ပြီး မဟာမိတ်တပ်တွေ ဆင်နွှဲခဲ့ကြတာပဲ ဖြစ်ပါတယ်။