မြန်မာ့သနပ်ခါးကို နိုင်ငံတကာမှ စိတ်ဝင်စားလာပြီး ဈေးကွက်ချဲ့ထွင်နိုင်ရန် မကွေးမြို့၌သနပ်ခါးပွဲတော် ကျင်းပမည်

.

မကွေး၊စက်တင်ဘာ ၁၀ ။                ။ မြန်မာ့သနပ်ခါးထုတ်ကုန် ပစ္စည်းများအပေါ် နိုင်ငံတကာမှစိတ်ဝင်စားလာပြီး အမွှေးနံ့သာဈေးကွက်၌ ဈေးကွက်ဝေစု ပိုမိုချဲ့ထွင်ပိုင်ဆိုင်လာစေရန် ရည်ရွယ်၍ သနပ်ခါးပွဲတော်တစ်ခုကို မကွေးမြို့၊ မြို့တော်ခန်းမ၌ ၂၀၁၈ခုနှစ် စက်တင်ဘာလ ၂၉ ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့၊ ပန်းဆိုးတန်းဂယ်လာရီမှ အဆိုပါပွဲကို ဦးစီးကျင်းပသွားမည်ဖြစ်ပြီး မကွေးတိုင်းအတွင်းရှိ သနပ်ခါး စိုက်ပျိုးထွက်ရှိရာ ပခုက္ကူ၊ ရေစကြို နှင့် မြိုင်မြို့များမှ လုပ်ငန်းရှင်များ၏ သနပ်ခါးတုံးများ ၊ သနပ်ခါး ထုတ်ကုန် များကို ခင်းကျင်း ရောင်းချခြင်း၊ သနပ်ခါးနှင့်ပတ်သက်သည့် ပန်းချီ၊ဓာတ်ပုံများချိတ်ဆွဲပြသခြင်းနှင့် ဖျော်ဖြေရေး အစီအစဉ်များ ပါရှိမည်ဖြစ်ကြောင်း သိရသည်။

“သနပ်ခါးဆိုတာ မြန်မာရဲ့ အမှတ်တံဆိပ်၊ မြန်မာတွေရဲ့ ရိုးရာအစဉ်အလာဆိုတာကို ဖော်ကျူးဖို့၊ မြန်မာလူမျိုး တွေ ကိုယ်တိုင်ကလည်း သနပ်ခါးကို ပိုပြီးတော့ စိတ်ဝင်တစားနဲ့တန်ဖိုးထားလာဖို့ ဒီပွဲတော်ကို စီစဉ်ရခြင်း ဖြစ်ပါတယ်။ ဒီလို ပွဲတော်တွေကနေ နိုင်ငံတကာက မြန်မာ့သနပ်ခါးအပေါ်စိတ်ဝင်စားမှုရှိလာပြီး ဈေးကွက် ချဲ့ထွင်လာနိုင်ဖို့လည်း ရည်ရွယ်ပါတယ်။ မကွေးမြို့မှာ ပထမဆုံးအကြိမ် ကျင်းပမှာပါ”ဟု ပွဲတော်ကျင်းပရေး တာဝန်ခံ ကိုအောင်သူငြိမ်းက ပြောသည်။

သနပ်ခါးအပင်တစ်ပင်အား ၁၅နှစ်ခန့်အနည်းဆုံးစိုက်ပျိုးရပြီး၊ သနပ်ခါးဈေးများကျဆင်းလာရခြင်းမှာ ၅နှစ်အတွင်းအရောင်းအဝယ်ဖြစ်သည့် ဆေးကျွေးသည့်အပင်များစိုက်ပျိုးမှု့များလာခြင်းကြောင့် ဈေးကွက်ပျက်စီးလာရခြင်းဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်မှ သနပ်ခါးအရောင်းအဝယ်ပြုလုပ်နေသူ ဦးကြည်ထွန်းက ပြောဆိုသည်။

သနပ်ခါးပွဲတော်အား ရန်ကုန်နှင့်မန္တလေးမြို့တို့တွင် (၃)ကြိမ်ကျင်းပနိုင်ခဲ့ပြီး မကွေးမြို့၌ စတုတ္ထအကြိမ်မြောက် ကျင်းပသွားမည်ဖြစ်ကြောင်း ၊ အဆိုပါပွဲတော်တွင် သနပ်ခါးလိမ်းပြိုင်ပွဲကိုလည်း ထည့်သွင်း ကျင်းပသွားမည် ဖြစ်ပြီး ကျောက်ပြင်၊ သနပ်ခါးနှင့် ဆက်စပ်ပစ္စည်းအစုံ အဆင်သင့်ချထားပေးမည်ဖြစ်ကာ မိမိနှစ်သက်ရာပုံစံဖြင့် လိမ်းခြယ်ပြိုင်ပွဲ ဝင်နိုင်ကြောင်း ၊ ပထမ၊ ဒုတိယ၊ တတိယ ဆုများကို ထိုက်တန်စွာ ချီးမြှင့်ပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါပွဲကျင်းပရန်အတွက် မြန်မာနိုင်ငံတွင် သနပ်ခါးအဓိကစိုက်ပျိုးသည့် မကွေးတိုင်း၊ ပေါက်၊ မြိုင်၊ ရေစကြို၊ ပခုက္ကူ မြို့မှ သနားခါးစိုက်တောင်သူများနှင့် စစ်ကိုင်းတိုင်းဒေသကြီးမှ မုံရွာနှင့် အရာတော်မြို့နယ်များမှ သနပ်ခါးစိုက်တောင်သူများအပါအဝင် အခြားတိုင်းဒေသကြီးများမှ သနပ်ခါးလုပ်ငန်းရှင်များကိုလည်း ဝင်ရောက်ယဉ်ပြိုင်ရောင်းချရန် ဖိတ်ကြားထားကြောင်း အဆိုပါပွဲဖြစ်မြောက်ရေး အဖွဲ့ဝင်များထံမှ သိရသည်။