ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင်တို့ကို နိုင်ငံတော်ပုန်ကန်မှုဖြင့်စွဲချက်တင်

.

ရန်ကုန်၊ စက်တင်ဘာ ၁၀ ။         ။ ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌဟောင်း ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင်တို့ကို နိုင်ငံတော် ပုန်ကန်မှုအပါအ၀င် ပုဒ်မ ၂ ခုဖြင့် စစ်တွေမြို့နယ်တရားရုံးက စက်တင်ဘာ ၁၀ ရက်နေ့၌ စွဲချက်တင် အမိန့်ချမှတ်လိုက်ကြောင်း သိရသည်။

 “ ၁၇ (၁) ကတော့လွတ်ပါတယ်။ တရားရုံးစကားနဲ့ပြောရင်တရားရှင်လွတ်လိုက်တာပေါ့။ ကျန်တဲ့ ၁၂၂ (၁)၊ နိုင်ငံတော်ပုန်ကန်မှုနဲ့ ၅၀၅(ခ) နိုင်ငံတော်အကြည်အညိုပျက်စေမှုနဲ့စွဲချက်တင်ပါတယ်။ နောက်ရုံးချိန်းမှာတော့ တရားခံပြသက်သေတွေစပြီးပြရမှာပေါ့” ဟု ရခိုင်အမျိုးသားပါတီမှ အထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော် ကပြောသည်။

တရားခံပြသက်သေစစ်ဆေးရန်အတွက် စစ်တွေမြို့နယ်တရားရုံးက နောက်ရုံးချိန်းကို လာမည့် စက်တင်ဘာ ၁၄ ရက်နေ့သို့ ချိန်းဆိုထားကြောင်းလည်း ၄င်းကဆိုသည်။ နိုင်ငံတော်ပုန်ကန်မှုဖြင့် တရားစွဲဆို စစ်ဆေး ခံနေရသော ဒေါက်တာအေးမောင်သည် အမ်းမြို့နယ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် လည်းဖြစ်သည်။

ပုဒ်မ ၂ ခုဖြင့်စွဲချက်တင်ခံခဲ့ရသည့် ဒေါက်တာအေးမောင်က “ ဘက်လိုက်မှုကင်းစေချင်တယ်။ လွတ်လပ်တဲ့တရားစီရင်ခြင်းဖြစ်စေချင်တယ်” ဟု ၄င်း၏ရုံးချိန်းအပြီးတွင်ပြောဆိုခဲ့သည်။

ရခိုင်စာရေးဆရာဝေဟင်အောင်ကို နိုင်ငံတော်အကြည်အညို ပျက်စေမှု ပုဒ်မ ၅၀၅ (ခ) ဖြင့် ဇန်နဝါရီလ ၁၆ ရက်နေ့တွင် ရဲတပ်ဖွဲ့မှဖမ်းဆီးခဲ့ပြီး ဒေါက်တာအေးမောင်ကို မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇(၁) ဖြင့် အမှုဖွင့်ပြီး ဇန်နဝါရီလ ၁၈ ရက်နေ့၌ ဖမ်းဆီးခဲ့ခြင်းလည်း ဖြစ်သည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၁၅ ရက်နေ့က ရသေ့တောင်မြို့နယ်တွင် ပြုလုပ်သည့် ရခိုင့်ဘုရင့်နိုင်ငံတော် အချုပ်အခြာ အာဏာကျရှုံးခြင်း အခမ်းအနားတွင် ဒေါက်တာ အေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်တို့ ဟောပြောခဲ့သည့် စကားများမှာ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုကို ပျက်ပြားစေသည်ဟုဆိုကာ နိုင်ငံတော် ပုန်ကန်မှု ဥပဒေပုဒ်မ အပါအဝင် ပုဒ်မ (၃)ခုဖြင့် အမှုဖွင့် ဖမ်းဆီးခံခဲ့ရခြင်းလည်းဖြစ်သည်။