ယူအက်စ်အိုးပင်းပြိုင်ပွဲမှာ ဂျိုကိုဗစ် အနိုင်ရဗိုလ်စွဲပြီး ဂရင်းစလင်းပြိုင်ပွဲတွေမှာ ၁၄ ကြိမ်မြောက် ချန်ပီယံဖြစ်လာ

.

(ဓာတ်ပုံ - AFP, EPA)

ဆားဘီးယားနာမည်ကြီး တင်းနစ်ကစားသမား နိုဗတ် ဂျိုကိုဗစ်ဟာ တနင်္ဂနွေနေ့က ယူအက်စ်အိုးပင်း အမျိုးသားတစ်ဦးချင်းပြိုင်ပွဲ ဗိုလ်လုပွဲမှာ အာဂျင်တီးနားတင်းနစ်သမား ဟွမ်မာတင် ဒယ်လ်ပိုထရိုကို အနိုင်ရခဲ့ပြီး သူ့ရဲ့ ဂရင်းစလင်းပြိုင်ပွဲတွေမှာ ၁၄ ကြိမ်မြောက် ချန်ပီယံဖြစ်ခဲ့ပါတယ်။

အသက် ၃၁ နှစ်အရွယ်ရှိတဲ့ ဂျိုကိုဗစ်ဟာ ဗိုလ်လုပွဲမှာ အမှားနည်းခဲ့ပြီး အကောင်းဆုံးစွမ်းဆောင်နိုင်ခဲ့တာကြောင့် ပထမပွဲကို ဂျိုကိုဗစ်က ၆-၃၊ ဒုတိယပွဲရဲ့ Tie Break မှာ ၇-၆ နဲ့နိုင်ခဲ့ပြီး တတိယပွဲမှာလည်း ဂျိုကိုဗစ်ကပဲ ၆-၃ နဲ့ ဒယ်လ်ပိုထရိုကို ထပ်နိုင်ခဲ့လို့ ၃ ပွဲပြတ်နဲ့ နိုင်ခဲ့ပါတယ်။

ဒီဗိုလ်လုပွဲစဉ်ကို ၃ နာရီနဲ့ ၁၅ မိနစ်အထိ ကြာအောင် ကစားခဲ့ရပါတယ်။

ဂျိုကိုဗစ်နဲ့ ဒယ်လ်ပိုထရိုတို့ကြား ၁၉ ကြိမ်မြောက် တွေ့ဆုံထားပြီး ဂျိုကိုဗစ်က ၁၅ပွဲအထိ အနိုင်ရခဲ့ပါတယ်။ ဒယ်လ်ပိုထရိုကတော့ ၂၀၀၉ ခုနှစ်မှာ ချန်ပီယံဖြစ်ပြီးနောက် ဗိုလ်လုပွဲအဆင့်ကို တက်လှမ်းနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ဂျိုဂိုဗစ်အနေနဲ့ ယူအက်စ်အိုပင်းပြိုင်ပွဲဗိုလ်လုပွဲကို ၈ ကြိမ်ကစားခဲ့ပြီး ၂၀၁၁ နဲ့ ၂၀၁၅ ခုနှစ်တွေမှာ ချန်ပီယံဖြစ်ထားခဲ့ပါတယ်။ ယခုနိုင်ပွဲကြောင့် ချန်ပီယံဆု ၃ ကြိမ်မြောက် ဆွတ်ခူးနိုင်ခဲ့ပြီး ပိဆမ်းပရပ်စ်ရဲ့ ဂရင်းစလင်း ၁၄ ကြိမ်မှတ်တမ်းကိုလည်း အမီလိုက်နိုင်ခဲ့ပါတယ်။

ဒါ့အပြင် ဂျိုကိုဗစ်ဟာ ဒဏ်ရာပြဿနာတွေကြောင့် ၁ နှစ်ကျော်ကြာ အောင်မြင်မှုနဲ့ ဝေးကွာနေပြီးမှ ပြီးခဲ့တဲ့ ဝင်ဘယ်လ်ဒန်နဲ့ ယူအက်စ်အိုးပင်းပြိုင်ပွဲများမှာ နှစ်ခုဆက်တိုက်မှာ ချန်ပီယံဖြစ်ခဲ့တာပါ။

ယူအက်စ်အိုးပင်းချန်ပီယံဖြစ်တဲ့ ဂျိုကိုဗစ်က ဆုကြေးငွေ ဒေါ်လာ ၃.၈ သန်းရခဲ့ပြီး အသက် ၂၉ နှစ်ရှိ ဒယ်ပိုထရိုက ဒေါ်လာ ၁.၈၅ သန်း ရခဲ့ပါတယ်။

ယူအက်စ်အိုးပင်း အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲမှာတော့ ဂျပန်တင်းနစ်မယ် နာအိုမီ အိုဆာကာက ၆-၂၊ ၆-၄ နဲ့ ဆရီနာဝီလျံကို ပွဲပြတ်နိုင်ပြီး ချန်ပီယံဖြစ်ခဲ့ပါတယ်။
 

ဂျိုကိုဗစ်ရဲ့ ဂရင်းစလင်းချန်ပီယံ ၁၄ ကြိမ် အောင်မြင်မှု

သြစတြေးလျအိုးပင်း - ၂၀၀၈၊ ၂၀၁၁၊ ၂၀၁၂၊ ၂၀၁၃၊ ၂၀၁၅၊ ၂၀၁၆
ပြင်သစ်အိုးပင်း - ၂၀၁၆
ဝင်ဘယ်လ်ဒန် - ၂၀၁၁၊ ၂၀၁၄၊ ၂၀၁၅၊ ၂၀၁၈
ယူအက်စ်အိုးပင်း - ၂၀၁၁၊ ၂၀၁၅၊ ၂၀၁၈

ဂရင်းစလင်း အအောင်မြင်ဆုံးစာရင်း (အမျိုးသား တစ်ဦးချင်း)

ဖက်ဒါရာ - ၂၀ ကြိမ်
နဒါးလ် - ၁၇ ကြိမ်
ဂျိုကိုဗစ်၊ ပိဆမ်းပရပ်စ် - ၁၄ ကြိမ်
ရိုင်းအီမာဆန် - ၁၂ ကြိမ်

Ref; EFE-EPA, BBC