ပါရီမှာ ဓားကိုင်တိုက်ခိုက်မှုဖြစ်၍ ဗြိတိန်တိုးရစ် နှစ်ဦးအပါအ၀င် လူ ခုနစ်ဦး ဒဏ်ရာရ

.

ပါရီ၊ စက်တင်ဘာ ၁၀ ။            ။ ပြင်သစ်နိုင်ငံမှာ ပါရီမြို့မှာ စက်တင်ဘာ ၉ ရက်က ဓားကိုင်တိုက်ခိုက်မှုတစ်ရပ် ဖြစ်ပွားခဲ့ပါတယ်။

ဓားတစ်လက်၊ သံတုတ်တစ်ချောင်းနဲ့ လူတစ်ဦးက တိုက်ခိုက်တာဖြစ်ပြီး ဒီတိုက်ခိုက်မှုမှာ ဗြိတိန်ခရီးသွားဧည့်သည်တစ်ဦးအပါအ၀င် လူပေါင်း ခုနစ်ဦး ဒဏ်ရာရကြောင်း ရဲဌာနနဲ့ အခြားသတင်းရင်းမြစ်တွေက ဆိုပါတယ်။

“ဒီတိုက်ခိုက်မှုမှာ အကြမ်းဖက်အစွန်းရောက်မှုလို့ ကောက်ချက်ချဖို့ အခြေအနေ မတွေ့ရသေးပါဘူး။”လို့ စုံစမ်းစစ်ဆေးမှုနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က ဆိုပါတယ်။

ဒါအပြင် ဓားသမားကို ဖမ်းဆီးထားမိပြီး ၎င်းဟာ အာဖဂန်နစ္စတန်နိုင်ငံသားဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောပါတယ်။

ဒဏ်ရာရသူ ခုနစ်ဦးမှာ လေးဦးက စိုးရိမ်ရတဲ့ အနေအထားရှိတယ်လို့ ရဲက ပြောပါတယ်။

အခုတိုက်ခိုက်မှုဟာ မြို့တော်ပါရီ အရှေ့မြောက်ပိုင်း တူးမြောင်းကမ်းပါးယံမှာ ဒေသစံတော်ချိန် ည ၁၁ နာရီခန့်က ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။