ဒေါက်တာအေးမောင်ကို လွတ်ငြိမ်းခွင့်ပေးဖို့ သံဃာတော်တစ်ပါး တစ်ကိုယ်တော် ဆန္ဒပြ

.

စစ်တွေ၊ စက်တင်ဘာ ၉ ရက်။       ။  နိုင်ငံတော် ပုန်ကန်မှုပုဒ်မနဲ့ စစ်တွေခရိုင် တရားရုံးမှာ အမှုရင်ဆိုင်နေရတဲ့ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဦးအေးမောင်နဲ့ စာရေးဆရာ ကိုဝေဟင်အောင်တို့ကို နိုင်ငံတော်က လွတ်ငြိမ်း ချမ်းသာခွင့်ပေးဖို့ စက်တင်ဘာလ ၉ ရက်နေ့က ရခိုင်ပြည်နယ် စစ်တွေမြို့မှာ သံဃာတော်တစ်ပါး တစ်ကိုယ်တော် ဆန္ဒဖော်ထုတ်ခဲ့ပါတယ်။

“ရခိုင်မှာ ဒီလိုမျိုး လမ်းလျှောက်တဲ့ ဥစ္စက အရင်လည်း လုပ်ပါတယ်။ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေး တစ်ကိုယ်တော် လမ်းလျှောက် ခရီးစဉ်ပေါ့လေ။ အခုက ငြိမ်းချမ်းရေးဆိုတာ ဘာကို ရည်ရွယ်သလဲဆိုတော့ ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းရေးနဲ့ ဖွံ့ဖြိုးရေးဆိုတာလည်း ငြိမ်းချမ်းရေး တစ်မျိုးပဲလေ။ နောက်ပြီးတော့ ဒေါက်တာ အေးမောင်နဲ့ ဆရာ ဝေဟင်အောင်တို့ နိုင်ငံတော် လွတ်ငြိမ်းချမ်းသာခွင့် ရနိုင်ဖို့အတွက် ဦးစားပေးလမ်းလျှောက်တာပါ။”ဟု တစ်ကိုယ်တော် ဆန္ဒဖော်ထုတ်ခဲ့တဲ့ ဦးစက္ကိန္ဒက မိန့်ပါတယ်။

ဦးစက္ကိန္ဒဟာ စစ်တွေမြို့ မင်းဂံရပ်ကွက်က ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းမှာ သီတင်းသုံးနေတာ ဖြစ်ပြီး စစ်တွေမြို့ ဝင်္ကဘာကွင်းကနေ ဦးဥတ္တမပန်းခြံအထိ အလံဖြူတစ်ခု ကိုင်ဆောင်ကာ တစ်ကိုယ်တော် လမ်းလျှောက်ဆန္ဒပြခဲ့တာလည်း ဖြစ်ပါတယ်။

အဲဒီ ဆရာတော်ဟာ အရင်ကလည်း ငြိမ်ချမ်းရေးနဲ့ ဖွံ့ဖြိုးရေးအတွက် ဆန္ဒဖော်ထုတ်တာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပြီး အခုလို လမ်းလျှောက် ဆန္ဒပြတာကို ခွင့်ပြုချက်ယူခဲ့ပေမဲ့ ငြိမ်းစုစီဥပဒေပုဒ်မနဲ့ မညီတဲ့အတွက် ခွင့်ပြုချက်မရခဲ့လို့ ပြောပါတယ်။

ရသေ့တောင်မှာ ပြုလုပ်တဲ့ စာပေဟောပြောပွဲကြောင့် နိုင်ငံတော် ပုန်ကန်မှု၊ နိုင်ငံတော် အကြည်ညိုပျက်စေမှုနဲ့ မတရားအသင်း ဆက်နွယ်မှု စတဲ့ပုဒ်မတွေနဲ့ ဖမ်းဆီးခံထားရတဲ့ ဒေါက်တာ ဦးအေးမောင်နဲ့ ကိုဝေဟင်အောင်တို့ကို စက်တင်ဘာလ ၁၀ ရက်နေ့မှာ စွဲချက်အမိန်ချတော့မှာ ဖြစ်ပြီး အဲဒါကြောင့်လည်း အမိန့်မချခင်မှာ အခုလို ဆန္ဒဖော်ထုတ်ရတယ်လို့ ဦးစက္ကန္ဒက မိန့်ပါတယ်။