ဦးဥတ္တမနေ့ကို ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးရန် တောင်းဆို

.

ဓာတ်ပုံ-AFP

ရန်ကုန်၊ စက်တင်ဘာ ၉ ။          ။ ကိုလိုနီနယ်ချဲ့ဆန့်ကျင်ရေး လှုပ်ရှားမှုများတွင် တက်ကြွစွာ ဦးဆောင်ပါဝင်ခဲ့သည့် ဆရာတော် ဦးဥတ္တမ ကွယ်လွန်ခဲ့သော စက်တင်ဘာ ၉ ရက်နေ့ကို ရုံးပိတ်ရက်ဖြစ်သတ်မှတ်ပေးရန် ရခိုင်လူမှုရေးနှင့် နိုင်ငံရေးခေါင်းဆောင်များက တောင်းဆိုလိုက်သည်။

ရန်ကုန်မြို့၊ ရွှေတိဂုံစေတီတော် တောင်ဘက်မုဒ်ရှိ ဦးဥတ္တမပန်းခြံတွင် ပြုလုပ်ခဲ့သည့် ၇၉ ကြိမ်မြောက် ဦးဥတ္တမနေ့ အခမ်းအနားတွင် တောင်းဆိုခဲ့ခြင်းလည်းဖြစ်သည်။

“ သက်ဆိုင်ရာအာဏာပိုင် အဖွဲ့အစည်းတွေကတော့ ဦးဥတ္တမနေ့ကို ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးဖို့ကိုလည်း ကျွန်မအနေနဲ့ တောင်းဆိုပါတယ် “ ဟု ရခိုင်အမျိုးသမီးအစည်းအရုံး ဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်း ကပြောသည်။

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ မွေးဖွားခဲ့သော ဆရာတော် ဦးဥတ္တမသည် ၁၉၀၆ ခုနှစ်တွင် ဗုဒ္ဓဘာသာ ကလျာဏ ယုဝအသင်း၊ ၁၉၂၀ ခုနှစ်၌ မြန်မာအသင်းချုပ်ကြီးတို့တွင် ဦးဆောင်ပါဝင်ပြီး လွတ်လပ်ရေးရရန် ကြိုးစားခဲ့သော ဆရာတော် တစ်ပါးလည်းဖြစ်သည်။

အဆိုပါကြိုးပမ်းမှုတွေကြောင့် ၁၉၂၂ ခုနှစ်မှာ ထောင်ဒဏ် ၄ နှစ်၊ ၁၉၂၄ ခုနှစ်မှာ ထောင်ဒဏ် ၅ နှစ်၊ ၁၉၂၇ ခုနှစ်မှာ ထောင်ဒဏ် ၃ နှစ် စုစုပေါင်း ထောင်ဒဏ် ၁၂ နှစ်ထိ ဗြိတိသျှအစိုးရရဲ့ထောင်ဒဏ်ချမှတ်ခြင်းကို ခံခဲ့ရသည်။

“ အဲ့လိုမျိုး မီးရူးတန်ဆောင်ကြီးရဲ့နေ့ကို မြန်မာနိုင်ငံမှာ ရုံးပိတ်ရက်အဖြစ် မသတ်မှတ်ရသေးဘူး။ ဒါဟာ အင်မတန်မှအရေြး ကီးနေပါတယ်။ ရုံးပိတ်ရက်အဖြစ် သတ်မှတ်ဖို့လည်း အင်မတန်မှလိုအပ်ပါတယ် “ ဟု ဒေါ်စောမြရာဇာလင်း က ပြောသည်။

ဆရာတော် ဦးဥတ္တမဟာဟာ လွတ်လပ်ရေးအတွက်ကြိုးပမ်းရင်း ၁၉၃၉ ခုနှစ် စက်တင်ဘာ ၉ ရက်နေ့၌ ရန်ကုန်မြို့တွင် ပျံလွန် တော်မူခဲ့သည်။

ပျံလွန်တော်မမှုခင် ဆရာတော်ဦးဝိစာရနှင့် ပူးပေါင်းပြီး  ရေး၊ ဘိတ်၊ ထားဝယ်နှင့် တနင်္သာရီဒေသများအထိ သွားရောက်ပြီး ၀ံသာနုရက္ခိတ တရား၊ နိုင်ငံလွတ်လပ်ရေးတရားများကိုလည်း ဟောပြောခဲ့ပါသေးသည်။