နာဂဒေသတွင် ရာသီတုပ်ကွေးကြောင့် ကလေးငယ် ၇ ဦး သေဆုံး

.

ဓာတ်ပုံ-AFP
 

မုံရွာ၊ စက်တင်ဘာ ၉။      ။ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ်ရှိ ကျေးရွာအချို့တွင် ရာသီတုပ်ကွေးကြောင့် ရွာလုံးကျွတ်နီးပါး ဖျားနာခဲ့ပြီး ထိုရောဂါကြောင့် သေဆုံးသူ (၇) ဦးထိ ရှိလာသည်။

သြဂုတ်လ ၁၅ ရက်နေ့မှစတင်ကာ ရွာလုံးကျွတ်နီးပါး ဖျာနာမှုများ ဖြစ်ပွားခဲ့ပြီး စက်တင်ဘာလ ၉ ရက်နေ့ထိ ထိုရောဂါဖြင့် သေဆုံးသူ (၇) ဦးရှိခဲ့ကြောင်း အတည်ပြုနိုင်ခဲ့သည်ဟု နန်းယွန်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစိမ်းမောင်က မဇ္ဈိမသို့ ပြောသည်။

"ဆရာဝန်တွေပြောတာကတော့ ရာသီတုပ်ကွေးလို့ ပြောတယ်။ ခံရတဲ့သူတွေကတော့ မသက်သာဘူး။ ကြည့်ရတာကို စိတ်မချမ်းမသာဖြစ်ရတယ်။" ဟု ၎င်းက ဆိုသည်။

ရှန်ဟဲကျေးရွာတွင် လူဦးရေ ၆၀၀ ကျော်ရှိပြီး လက်ရှိအခြေအနေများအရ ယင်းရွာသည် စိုးရိမ်နေရကြောင်း၊ ချောင်းဆိုးရင်ကြပ်၊ ကိုယ်ပူရောဂါများဖြစ်ပွားနေသည်ကို တွေ့ရှိခဲ့ရကြောင်း နနမ်းယွန်းမြို့နယ် မဲဆန္ဒနယ်မှ ထိုကိုယ်စားလှယ်က ပြောသည်။

ထိုဒေသတွင် ၂၀၁၆ ခုနှစ်အတွင်းကလည်း ကျေးရွာအချို့၌ ဝက်သက်ရောဂါများ ဖြစ်ပေါ်ခဲ့ဖူးသေးသည်။