ရှစ်လေးလုံးမှာ ပါဝင်ခဲ့တဲ့ စစ်သည်ဟောင်းများ တွေ့ဆုံပွဲကျင်းပ

.

စက်တင်ဘာ ၉ ။          ။ ရှစ်လေးလုံးအရေးတော်ပုံတွင် ပါဝင်ခဲ့ကြသည့် စစ်သည်ဟောင်းများ တွေ့ဆုံပွဲကို ရန်ကုန်တိုင်း ဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ် ရွှေတောင်ကျောင်းတိုက်တွင် စက်တင်ဘာလ ၉ ရက်နေ့က ပြုလုပ်ခဲ့သည်။

နောင်ရိုးစစ်သည်ဟောင်းများဟု ထိုအချိန်က အမည်ပေးခဲ့ကြသည့် စစ်သည်ဟောင်းများနှင့် ပတ်သက်သော ပုံရိပ်များကို ပြန်လည် အမှတ်ရစေလိုသော ရည်ရွယ်ချက်ဖြင့် ကျင်းပခြင်းဖြစ်ပြီး ယခုအကြိမ်သည် တတိယအကြိမ်မြောက်ဖြစ်သည်။

"နောင်ရိုးစစ်သည်တွေရဲ့အခန်းကဏ္ဍက လုံးဝ ထင်ပေါ်လာခြင်းမရှိဘူး။ ဒီကနေ့ ကျင်းပရတဲ့ ရည်ရွယ်ချက်ကလည်း လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ လောက်က ရှစ်လေးလုံးအရေးတော်ပုံကြီးမှာ ပါဝင်ခဲ့တယ်ဆိုတာ နောင်လာနောင်သားတွေ သိအောင် စုစည်းပြီး တွေ့ဆုံကြတာပါ" ဟု နောင်ရိုး စစ်သည်ဟောင်းများအဖွဲ့မှ ဦးတင်ငွေက မဇ္ဈိမသို့ ပြောသည်။

၁၉၈၈ ခုနှစ် ရှစ်လေးလုံးအရေးတော်ပုံတွင်  အင်အား ၄၀၀ ခန့်ရှိသည့် မင်္ဂလာဒုံလေတပ်နှင့် ရေတပ်မှ စစ်သည်တော်များသည် လူထုနှင့် ပူးပေါင်းခဲ့ကြပြီး ရန်ကုန်မြို့ သရက်တောကျောင်းတိုက်တွင် ၉ ရက်ကြာ တပ်စွဲစခန်း ချခဲ့ကြသည်။

ထိုသို့ တပ်စွဲပါဝင်မှုကြောင့် ဖမ်းဆီးထောင်ချခံခဲ့ရသူများရှိသလို စစ်ကြောရေးစခန်းများတွင် အသက်ဆုံးရှုံးခဲ့ရသူများလည်း ရှိခဲ့သည်ဟု ၈၈ မျိုးဆက်ကျောင်းသားလှုပ်ရှားမှုများ ပါဝင်ခဲ့ပြီး ယခုအခမ်းအနားကို တက်ရောက်လာကြသူများက အောက်မေ့ဂုဏ်ပြုစကား ပြောဆိုကြသည်။

" နောင်ရိုးတိုက်ပွဲလိုပဲ ဖောင်ဖျက်ပြီး တိုက်ခဲ့ရတာ။ ဆိုလိုတာက အနည်းဆုံးထောင်ကျပြီး ပစ် သတ်ခံရလောက်တဲ့ အနေအထားမှာ စွန့်စားခဲ့ကြတဲ့ စစ်သည်တော်တွေကို နောင်ရိုးစစ်သည်ဆိုပြီး ဂုဏ်ပြုကြတာ။ " ဟု ၈၈ မျိုးဆက် ဦးမင်းဇေယျာက ပြောသည်။

အခမ်းအနားကို ၈၈ မျိုးဆက် ဦးကိုကိုကြီး အပါအဝင် နိုင်ငံရေးအကျဉ်းသားဟောင်းများနှင့် ၈၈ မျိုးဆက် ကျောင်းသားဟောင်းများ၊ သံဃာတော်များက တက်ရောက်ခဲ့ကြသည်။