မြောက်ကိုရီးယား နှစ် ၇၀ ပြည့် စစ်ရေးပြအခမ်းအနားကို တိုက်ချင်းပစ် ဒုံးကျည်တွေ မပါဘဲ ကျင်းပ

.

စက်တင်ဘာ ၉ ။          ။ မြောက်ကိုရီးယားနိုင်ငံ  တည်ထောင်ခြင်း  အနှစ် ၇၀ ပြည့်မြောက်တဲ့အထိမ်းအမှတ် စစ်ရေးပြ အခမ်းအနားကြီးတစ်ရပ်ကို ယနေ့ စက်တင်ဘာ ၉ ရက်မှာ ပြုံယမ်းမြို့မှာ ကျင်းပခဲ့ပါတယ်။

ယခုနှစ် စစ်ရေးပြအခမ်းအနားမှာတော့ အမြှောက်တပ်ဖွဲ့၊ တင့်ကားတွေနဲ့အတူ ထောင်နဲ့ချီတဲ့ မြောက်ကိုရီးယား စစ်သည်တွေ ချီတက်စီတန်းလှည့်လည်ခဲ့ကြပါတယ်။

သို့ပေမယ့် ယခုနှစ်မှာ သိသာထင်ရှားတာတစ်ခုကတော့ အခမ်းအနားမှာ တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်တွေကို ထုတ်ဖော်ပါဝင်လာခဲ့ခြင်း မရှိတာဖြစ်ပါတယ်။

ယင်းအစား ယခု အခမ်းအနားမှာတော့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းက တရုတ်နဲ့ အကြား ချစ်ကြည်ရင်းနှီးမှုကို ထုတ်ပြခဲ့ကာ တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ အထူးသံတမန်နဲ့အတူ လက်တွဲပြီး ပရိသတ်ကို နှုတ်ဆက်ခဲ့သည်ကိုလည်း တွေ့ခဲ့ရပါတယ်။

ကိုရီးယား ဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံ မြောက်ကိုရီးယားဆိုပြီး ၁၉၄၈ ခုနှစ် စက်တင်ဘာ ၉ ရက်မှာ တရားဝင် ထူထောင်ထားခဲ့ခြင်း ဖြစ်ပါတယ်။