ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေး ဆန္ဒပြပွဲတွေ ကမ္ဘာ့နိုင်ငံ အသီးသီးမှာ အရှိန်မြင့် ပေါ်ပေါက်

.

စက်တင်ဘာ ၉ ။            ။ ရာသီဥတုပြောင်းလဲမှုအပေါ် ကမ္ဘာ့နိုင်ငံအသီးသီးက အစိုးရတွေအနေနဲ့ ယခုထက် ပိုမို အားစိုက်ကိုင်တွယ်တိုက်ဖျက်သွားရေး တောင်းဆိုတဲ့ ဆန္ဒပြပွဲတွေ ကမ္ဘာတစ်ဝှမ်း မြို့ကြီးတွေမှာ တစ်ပြိုင်နက်တည်း ပေါ်ပေါက်လျက်ရှိတယ်လို့ သိရပါတယ်။

ဒါဟာ လာမယ့်သီတင်းပတ် အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားမှာ ကျင်းပဖို့ရှိနေတဲ့ ရာသီဥတု ဆိုင်ရာ ညီလာခံတစ်ရပ် မတိုင်ခင် ခုလို ဆန္ဒပြပွဲတွေ အသီးသီး ပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်။

Global Climate Action Summitt ညီလာခံမှာတော့  နိုင်ငံရေးသမားတွေ၊ စီးပွားရေးလုပ်ငန်းက ခေါင်းဆောင်တွေနဲ့ အကျော်အမော်တွေ တက်ရောက်လာကြမှာဖြစ်ပါတယ်။

ကမ္ဘာ့ နိုင်ငံပေါင်း ၉၀ ကျော်လောက်မှာ ယင်းကဲ့သို့ ဆန္ဒပြပွဲပေါင်း ၁,၀၀၀ နီးပါးလောက် ပေါ်ပေါက်ခဲ့တယ်လို့ သိရပါတယ်။

ယင်း ဆန္ဒပြပွဲတွေမှာ ဆန္ဒပြသူတွေ တောင်းဆိုကြတဲ့ မက်ဆေ့ခ်ျနှစ်ခုကတော့ ယနေ့ကမ္ဘာကြီးမှာ ရေနံ၊ ဓာတ်ငွေ့နဲ့ ကျောက်မီးသွေး စွမ်းအင်ထက် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်တွေနဲ့သာ အသုံးပြုရေး ဆိုတာနဲ့ ယနေ့ ကမ္ဘာပေါ်မှာ ပင်လယ်ရေမျက်နှာပြင် မြင့်တက်မှုနဲ့ ရာသီဥတုပြင်းထန်ဆိုးရွားမှုတွေကနေ အန္တရာယ်ကြုံတွေ့နိုင်ခြေများတဲ့ ပြည်သူတွေကို အကာအကွယ်ပေးရေး တို့ပဲ ဖြစ်ကြပါတယ်။

အမေရိကန် ပြည်ထောင်စု ဆန်ဖရန်စစ္စကို မှာ ပေါ်ပေါက်ခဲ့တဲ့ ရာသီဥတု တိုက်ဖျက်ရေး ဆန္ဒပြပွဲကတော့ ပါဝင်သူ များခဲ့ပြီး ထောင်နဲ့ချီအထိ ရှိခဲ့တယ်လို့ သိရပါတယ်။