အင်ဒိုနီးရှားမှာ ဘတ်စ်ကားတိမ်းမှောက်မှု ဖြစ်ပြီး လူ ၂၁ ဦးထက်မနည်း သေဆုံး

.

စက်တင်ဘာ ၉ ။            ။ အင်ဒိုနီးရှားနိုင်ငံ ဂျာဗားကျွန်းမှာ ပြည်တွင်းခရီးသွားတွေကို တင်ဆောင်မောင်းနှင်လာတဲ့ ဘတ်စ်ကားတစ်စီး စက်တင်ဘာ ၈ ရက်က အရှိန်မထိန်းနိုင်ဘဲ လျှိုတစ်ခုထဲ ထိုးကျတိမ်းမှောက်မှုဖြစ်လို့ အနည်းဆုံး လူ ၂၁ ဦး သေဆုံးသွားခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

ခရီးသည် စုစုပေါင်း ၃၇ ယောက်ထိ လိုက်ပါလာခဲ့တဲ့ အဆိုပါ ဘတ်စ်ကားဟာ ဆူကာဘူမီ ဒေသ အားလပ်ရက်အပန်းဖြေနေရာတစ်ခုဆီ ဦးတည်မောင်းနှင်လာရင်း ယခုလို မတော်တဆမှုနဲ့ ကြုံတွေ့ခဲ့ရတာဖြစ်ကြောင်း သိရပါတယ်။

အဆိုပါ ယာဉ်ဟာ တောင်ဆင်းလမ်းအတိုင်း ဆင်းလာပြီး အရှိန်မထိန်းနိုင်ဘဲ အနက် ၁၀ မီတာရှိ လျှိုတစ်ခုထဲ ထိုးကျသွားတာဖြစ်ပါတယ်။

“ကားပေါ်မှာ လူ ၃၇ ယောက် ပါလာပါတယ်၊ ၂၁ ယောက်တော့ ဆုံးသွားပါတယ်ဗျာ၊ ကျန်တဲ့သူတွေတော့ အကုန်ဒဏ်ရာရကြတာပေါ့” ဆိုပြီး ရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ဂါလီ ဘာယု ရာဒစ်ယာက ပြောသွားပါတယ်။

ဒဏ်ရာရရှိသွားသူတွေကိုတော့ နီးစပ်ရာ ဆေးရုံဆီ အမြန်ဆုံး တင်ပို့ပေးခဲ့ရတယ်လို့ ဆိုပါတယ်။

“ ဒီ ဘတ်စ်ကား ဘရိတ်ချို့ယွင်းလို့ ခုလို ဖြစ်သွားတယ်လို့ပဲ ကျွန်တော်တို့ လောလောဆယ် ယူဆထားပါတယ်” ဆိုပြီး ရာဒစ်ယာက ပြောသွားပါတယ်။