ကျောင်းကို ဝိုင်းခံထားရသည်ဟု သတင်းမှားဖြန့်ခဲ့သူ အလယ်တန်းပြဆရာအား အရေးယူမည်

.

ဓာတ်ပုံ-ဖြူးမြို့နယ် ပုံရိပ်များ
 

ရန်ကုန်၊ စက်တင်ဘာလ ၈ ။         ။ ကျောင်းသားမိဘများနှင့်ရွာသားများက ဆရာမအား ရိုက်နှက်ရန် ကျောင်းကို ဝိုင်းထားသည်ဟု သတင်းမှားများ ဖြန့်ဝေခဲ့သူ အလယ်တန်းပြဆရာအား ဌာနတွင်းအရေးယူသွားမည်ဟု ဖြူးမြို့နယ်ပညာရေးမှူး ဒေါ်အေးအေးဝင်းက မဇ္ဈိမသို့ ပြောသည်။

ဖြစ်စဉ်မှာ ပြီးခဲ့သည့် ၄ ရက်ခန့်က ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ ဘုတ်ဆုတ်ခင်ကျေးရွာရှိ မူလွန်ကျောင်း အလယ်တန်းပြဆရာက လွှတ်တော်ကိုယ်စားလှယ်၊ အုပ်ချုပ်ရေးမှူးနှင့် ရဲစခန်းသို့ အ၀ိုင်းခံရသည်ဟု ဖုန်းဆက်ခဲ့ခြင်း ဖြစ်သည်။

“ အဲ့ဒီကျောင်းမှာ ကလေးကျောင်းပြောင်းမဲ့ကိစ္စနဲ့ ကျွန်မ လွှတ်ထားတဲ့အုပ်စုမှူးရှိနေပါရက်နဲ့ လယ်ပြင်ကြီး က အုပ်ချုပ်ရေးမှူးက ကျွန်မကို ဖုန်းဆက်လာတယ်။ ဆရာမကြီးတဲ့ ဒီလိုဒီလိုပဲ ကျောင်းကို ဝိုင်းထားတယ်လို့ ပြောတယ်တဲ့။ ကျွန်မအုပ်စုမှူးကို ချက်ချင်းဖုန်းဆက်ကြည့်တော့ ကျွန်တော်ဒီမှာရှိနေတယ်လေတဲ့။ မဟုတ်က ဟုတ်ကတဲ့။ ဒီမှာ အေးဆေးပဲတဲ့။ ခဏကြတော့ ရဲစခန်းကလည်း ကျွန်မဆီဖုန်းဆက်လာတယ်။ အဲ့ဒီဆရာက ကျောင်းကိုဝိုင်းထားတယ်ဆိုပြီးတိုင်ထားလို့တဲ့။ မလာသေးလို့တောင် မိုက်မိုက်ရိုင်းရိုင်း ပြောတယ်တဲ့။ ကျွန်မ တောင် တောင်းပန်လိုက်ရတယ်။ အဲ့ဒီကျောင်းမှာ ဘာမှလည်းဖြစ်တာ မဟုတ်ဘဲနဲ့ ရဲကလည်းသွားတော့ ဘာမှလည်း မရှိဘူး” ဟု ဖြူးမြို့နယ်ပညာရေးမှူး ဒေါ်အေးအေးဝင်းက ပြောသည်။

အဆိုပါတိုင်ကြားမှုမတိုင်ခင်  ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်က မူလွန်ကျောင်းရှိ ကလေးငယ် ၂ ဦး ခိုက်ရန် ဖြစ်ပွားခဲ့ပြီး ကလေးတစ်ဦးမှာ ရန်ကုန်ဆေးရုံကြီးတွင် ၀မ်းဗိုက်ခွဲစိတ်ကုသခဲ့ရကြောင်း၊ ရန်ဖြစ်မှုကို ဆရာ၊ဆရာမများနှင့် ကျောင်းရှိ ကလေးများက ဖုံးဖိထားခဲ့သည်ဟု ဖြူးမြို့နယ်ပညာရေးမှူးက ဆက်စပ်ပြောသည်။

“ ကလေးကို ခွဲစိတ်ပြီးတော့မှ ကျွန်မက ဒီကိုစပြောင်းလာတာဆိုတော့ အဖိုးဖြစ်သူက လာတိုင်တယ်။ ဆရာမ ကြီးရယ်တဲ့။ ကျွန်တော်ဆီကို ကျောင်းက ဆရာ၊ ဆရာမတွေတစ်ယောက်မှ သတင်းလည်း လာမမေးဘူး။ လာလည်း မလာဘူး။ လစ်လျူရှုထားတယ်တဲ့။ အဲ့ဒါနဲ့ အဲ့ဒီတုန်းကတော့ ဘုတ်ဆုတ်ခင်ကျောင်းမှာက ကျောင်း အုပ်မရှိသေးဘူး။ တာဝန်ခံ။ တာဝန်ခံမေးကြည့်တော့ သူတို့ကျောင်းမှာဘာမှမဖြစ်ဘူးတဲ့။ ကျောင်းကဆရာ၊ ဆရာမတွေကလည်း သူတို့ဘာမှမသိဘူးပေါ့။ ရွာကလူတွေမေးတော့လည်း မသိဘူးတဲ့။ ကျွန်မကျောင်းကို ဆင်းပြီးသွားကြည့်တယ်။ ကျောင်းသားလေးတွေမေးကြည့်တော့ သူတို့ဘာမှမသိဘူး။ စာရေးနေတယ်တဲ့။ တစ်ညီ တည်းဖြေတယ်။ ကလေးတွေက အားလုံးတစ်သံတည်းထွက်တယ်။ ဖုံးဖိထားတဲ့သဘောပေါ့”ဟု ဖြူးမြို့ နယ်ပညာရေးမှူး ဒေါ်အေးအေးဝင်းက ပြောသည်။

လွန်ခဲ့သည့် ၄ ရက်က ခွဲစိတ်ခံထားရသောကလေးကို အခြားကျောင်းသားတစ်ဦးက ကွန်ပါဗူးဖြင့် ဗိုက်ကို ထိုးခဲ့၍  လက်ရှိတွင် ကျောင်းပြောင်းရွှေ့ရန် စီစဉ်နေစဉ် ထိုသို့ သတင်းမှားတိုင်ကြားမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

“ အဲ့ဒီဆရာတိုင်တာက ကျောင်းက ဆရာမကို ကလေးကို မထိန်းလို့ဆိုလား၊  ရိုက်ဖို့အတွက် ကျောင်းကို ဝိုင်း ထားကြတယ်တဲ့။ ဆရာ၊ ဆရာမတွေ အပြင်ထွက်လို့တောင်မရဘူးတဲ့။ အဲ့လိုတိုင်တာတဲ့ ။ သွား ကြည့်ကြတော့ ဘာမှလည်းမရှိဘူး။ အဲ့ဒီတော့ အဲ့ဒီဆရာကိုခေါ်ပြီး ကျွန်မတို့တော့ ပြောရမယ်။ မဟုတ်ဘဲနဲ့ အဲ့ဒါမျိုးသူဘာ ဖြစ်လို့ ဆဲပြီးတော့ လွှတ်တော်ကိုယ်စားလှယ်ရော၊ ရဲစခန်းရော ဖုန်းဆက်ပြီး သတင်းမှားတွေပေးတာလဲ။ အဲ့ဒါမျိုးတွေ မလုပ်ရဘူးလေ။ သူ့ကိုအခု ကျွန်မတို့က ဝန်ခံကတိထိုးခိုင်းမယ်။ နောက်ထပ်တစ်ကြိမ်ဆိုရင်တော့ တိုင်းကို တင်ရတော့မယ်”ဟု ပညာရေးမှူး ဒေါ်အေးအေးဝင်းက ဆက်ပြီး ပြောသည်။

ကလေး၂ ဦးခိုက်ရန် ဖြစ်ပွားမှုအပေါ် ကျောင်းရှိ ဆရာ၊ ဆရာမများက ဖုံးဖိထားသည့်အတွက် သတိပေး ပြောခဲ့ရသေးသည်ဟု မြို့နယ်ပညာရေးမှူး ဒေါ်အေးအေးဝင်းက ပြောသည်။

နှစ်ဦးနှစ်ဖက် အဆင်မပြေမှုများ ရှိနေပြီး ကလေးငယ်၏ အဖိုးက ကျောင်းပြောင်းရွှေ့ရန် ကြိုးစားနေစဉ် အလယ်တန်းပြဆရာ၏ တိုင်ကြားမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။