ပါကစ္စတန်က ပထမဆုံး ကိုယ်ပိုင်ဒရုန်းယာဉ်ဖြင့် စစ်သွေးကြွသုံးဦးကို ခြေမှုန်း

ပါကစ္စတန်က ပထမဆုံး ကိုယ်ပိုင်ဒရုန်းယာဉ်ဖြင့် စစ်သွေးကြွသုံးဦးကို ခြေမှုန်း

အစ္စလာမ်မာဘတ်၊ စက်တင်ဘာ - ၇ ။         ။ ပါကစ္စတန်နိုင်ငံက ၎င်း၏ပထမဆုံး လက်နက်တပ်ဆင်ထားသည့် မောင်းသူမဲ့လေယာဉ် ဒရုန်းကို အသုံးပြုတိုက်ခိုက်ခဲ့ရာ အာဖဂန်နယ်စပ်အနီးတွင် အထင်ကရ စစ်သွေးကြွသုံးဦးကို ခြေမှုန်းနိုင်ခဲ့သည်ဟု ပါကစ္စတန်စစ်တပ်က ပြောကြားခဲ့သည်။

ဒုံးကျည်များမှာ ဝါဇီရီစတန်လူမျိုးစုဒေသ၏ ရှာဝယ်တောင်ကြားရှိ စခန်းတစ်ခုကို ထိမှန်ခဲ့သည်ဟု ပါကစ္စတန်စစ်တပ်က ကြေညာချက်တစ်ခုတွင် ပြောကြားခဲ့သည်။

ပါကစ္စတန်က ၎င်း၏ လူမဲ့လေယာဉ်ဒရုန်းကို ပြီးခဲ့သည့် မတ်လက ပထမဆုံးအကြိမ်ပြသခဲ့ရာ အငြိမ်နှင့် အလှုပ်ပစ်မှတ်များကို အောင်မြင်စွာ စမ်းသပ်ပစ်ခတ်ခဲ့ပြီးဖြစ်ကြောင်း ပြောကြားခဲ့သော်လည်း ဒရုန်း၏ လက်နက်တပ်ဆင်နိုင်မှု (သို့မဟုတ်) စစ်ရေးစွမ်းရည်နှင့် ပတ်သက်၍မူ အတိအကျမသိရှိရပေ။

ပါကစ္စတန်မှာ နှစ်ပေါင်းများစွာကပင် ကိုယ်ပိုင်ဒရုန်း ထုတ်လုပ်နိုင်ရေး ကြိုးစားလာနေခဲ့ရာ ၂၀၁၂ခုနှစ်တွင် ထောက်လှမ်းရေးအတွက်သာ ရည်ရွယ်သည့် ဒရုန်းယာဉ်တစ်စင်းကို ပြသခဲ့သည်။

အမေရိကန်ပြည်ထောင်စုက ပါကစ္စတန် လူမျိုးစုဒေသများမှ စစ်သွေးကြွများကို မကြာခဏ ဒရုန်းယာဉ်များဖြင့် ပစ်မှတ်ထားတိုက်ခိုက်ခဲ့သော်လည်း ဒရုန်းနည်းပညာကို အစ္စလာမ်မာဘတ်နှင့် မျှဝေရန် ငြင်းဆန်နေခဲ့သောကြောင့် ဝန်ကြီးချုပ်ဟောင်း ရာဂျာ ပါဗက်ဇ် အက်ရှရက်ဖ်က အတိအလင်းမကြေညာသော နည်းပညာဆိုင်ရာ လူမျိုးရေးခွဲခြားမှုဟုပင် ပြောကြားခဲ့သည်။

ပါကစ္စတန်နိုင်ငံတွင် အမေရိကန်၏ ဒရုန်းယာဉ်ဖြင့်တိုက်ခိုက်မှုများမှာ တင်းမာမှုနှင့် အငြင်းပွားမှုများ၏ အရင်းမြစ်ဖြစ်နေပြီး ပါကစ္စတန်နိုင်ငံသားများကြားတွင်လည်း မကျေမနပ်ဖြစ်နေကြသည့်အပြင် အစိုးရကလည်း ပါကစ္စတန်၏ အချုပ်အခြာအာဏာကို ထိပါးချိုးဖောက်နေသည်ဟု အပြင်းအထန် ဆန့်ကျင်ကန့်ကွက်နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly