အထုပ်ကလေးဆရာတော်အား အရေးယူနိုင်ရန် ၀ိနိစ္ဆယတရားရုံး အဆင့်ဆင့်၏ စိစစ်မှုအပေါ် မူတည်နေ

.

ဓာတ်ပုံ-အင်တာနက်

ရန်ကုန် စက်တင်ဘာ ၈ ။         ။ လူမှုကွန်ယက်ပေါ်တွင် ၀ိပသနာတရားကျင့်စဉ်များနှင့်ပတ်သက်ပြီး ဝေဖန်ခံနေရသော အထုပ်ကလေး ဆရာတော်အား ဥပဒေကြောင်းအရအရေးယူနိုင်ရေးမှာ မဟနဆရာတော်ကြီးများ၏ ၀ိနိစ္ဆယတရားရုံး အဆင့်ဆင့်၏ စိစစ်မှုအပေါ်တွင် မူတည်သည်ဟု သာသနာရေးနှင့်ဝိနိစ္ဆယဌာနခွဲ၊ ညွှန်ကြားရေးမှူး ဦးထွန်းညွန့်က စက်တင်ဘာလ ၈ ရက်နေ့က မဇ္ဈိမသို့ ပြောသည်။

" အခုက သာသနာရေးဦးစီးဌာနအနေနဲ့ ဆောင်ရွက်ရမယ့်အပိုင်းမဟုတ်သေးဘူး။ ဒီကိစ္စက တရားစွဲပေးပါလို့ တင်တဲ့ပုဂ္ဂိုလ်ရှိရမယ်။ ပြီးတော့ သူက ပြန်လည်ချေပတဲ့ထုချေလွှာရှိရမယ်။ အဲဒီ ၂ ခု အပေါ်မှာ မူတည်ပြီး တော့မှ ၀ိနိစ္ဆယတရားရုံးအဆင့်ဆင့်က စိစစ်ပြီးတဲ့အခါကျမှ အဓမ္မဖြစ်တယ်ဆိုရင် အဓမ္မ၊ ဓမ္မဆိုလည်း ဓမ္မ ဆုံးဖြတ်ရမှာပေါ့ဗျာ။ အဲဒီဆုံးဖြတ်ချက်အပေါ်မှာ မူတည်ပြီးမှသာ ဆောင်ရွက်ရမယ့်အရာဖြစ်ပါတယ်။" ဟု သာသနာရေးနှင့်ဝိနိစ္ဆယဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးထွန်းညွန့်က မဇ္ဈိမသို့ ပြောသည်။

နိုင်ငံတော်သံဃာ့မဟာနာယက မဟနဆရာတော်ကြီးများကလည်း အထုပ်ကလေးဆရာတော်အား ဆုံးမသြ၀ါဒ ပေးရန် စက်တင်ဘာ ၂၀ ရက်နေ့တွင် ဆင့်ခေါ်ထားကြောင်း သိရသည်။ ယခုရက်ပိုင်းအတွင်း တိုက်ကြီးမြို့ နယ် အထုပ်ကလေးရိပ်သာတွင် တရားအထိုင်ကျင့်ပေးနေသည်ဆိုကာ တီးလုံးသံနှင့်အတူ တင်ပျဉ်ခွေထိုင် ကာ တစ်ကိုယ်လုံးလှုပ်ခါနေသည့် ရုပ်သံဖိုင်များသည် လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့သည်။

ထို့အပြင် အထုပ်ကလေးဆရာတော်သည် ယခင်ကလည်း ‘‘သစ္စာတရား တကယ်သိသွားရင် စေတီအပေါ်၊ ဗုဒ္ဓရုပ်ပွားတော်အပေါ် ချေးတက်ပါလည်းရပါတယ်” ဟူသည့် ဟောပြောမှုကြောင့် ဆရာတော်ကြီးများက ဆုံးမ သြ၀ါဒပေးခဲ့ပြီး ထေရဝါဒပိဋကတ်တော် များနှင့်ညီညွတ်မှုမရှိသဖြင့် ဟောပြောခြင်းမပြုရန် မြို့နယ်သံဃ နာယကအဖွဲ့(ရွှေကျင်)က တားမြစ်ခဲ့ဖူးသည်။

" မဟနဆရာတော်ကြီးတွေက ခေါ်တွေ့မယ်ပေါ့၊ သူရဲ့ဟောပြောချက်တွေ၊သူ့ဆောင်ရွက်ချက်တွေက အဓမ္မ၊ ဓမ္မဆိုတာ၊ ဘုရားဟောတွေနဲ့ကိုက်ညီမှုရှိမရှိ ဆရာတပည့်တွေ မေးမြန်းဆောင်ရွက်ရမယ့်ကိစ္စပါ။ ၀ိနည်း ကြောင်းနဲ့ ပတ်သက်ပြီး စစ်ဆေးရမယ့်ကိစ္စပါ။" ဟု သာသနာရေးနှင့်ဝိနိစ္ဆယဌာနခွဲ၊ ညွှန်ကြားရေးမှူး ဦးထွန်းညွန့်က ပြောသည်။

ရွှေကျင်ဂိုဏ်းဝင်ဆရာတော်တစ်ပါးဖြစ်သည့် အထုပ်ကလေးဆရာတော် ဘဒ္ဒန္တပဏ္ဍဝံသသည် သက်တော်(၆၀)၊ ဝါတော်(၂၉)ဝါရှိပြီး တိုက်ကြီးမြို့နယ်၊ ကျိုက်စကိုင်းကျေးရွာ အထုပ်ကလေးရိပ်သာ၏ ဦးစီးပဓာနဆရာတော် ဖြစ်ပြီး ပရိယတ္တိစာပေများ သင်ကြားခဲ့ဖူးခြင်းမရှိကြောင်း သာသနာရေးနှင့်ယဉ်ကျေးမှုဦးစီးဌာနက သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။