သြဂဲနစ်သီးနှံနှင့် စားသောက်ဖွယ်ရာများကို အပတ်စဉ် ဈေးဖွင့်လှစ်ရောင်းချ

.

ရန်ကုန်၊ စက်တင်ဘာလ ၈ ။        ။ ဓာတ်မြေသြဇာများ အသုံးပြုခြင်းမရှိဘဲ သြဂဲနစ်စနစ်ဖြင့် စိုက်ပျိုးထားသည့် သီးနှံများနှင့် ကျန်းမာရေးနှင့် အညီ ထုတ်လုပ်ထားသည့် စားသောက်ကုန်များအား   တောင်သူလယ်သမားများဈေးအဖြစ် ဖွင့်လှစ်ရောင်းချလျက် ရှိသည်။

ရန်ကုန်၊ အင်းလျားလမ်းကြီးပေါ်ရှိ မြန်မာနိုင်ငံလှေလှော်အသင်း အဖွဲ့ချုပ်ဝင်း၊ အင်းလျားကန်နံဘေးတွင် ခင်းကျင်း ရောင်းချ ပေးနေခြင်းဖြစ်ပြီး အပတ်စဉ် စနေနေ့ တစ်ရက်တည်းသာ ဖွင့်လှစ်ခြင်းဖြစ်ကာ နံနက် ၈ နာရီမှ နေ့လည် ၁၂ နာရီထိ ဆိုင်ခန်းပေါင်း ၅ဝ ဝန်းကျင်ဖြင့် ရောင်းချပေးနေခြင်းဖြစ်သည်။

“ အဓိကတော့ ရန်ကုန်တောင်သူလယ်သမားများဈေး( Yangon Farmers Market)ရဲ့ ရည်ရွယ်ချက်ကတော့ ဓာတုဆေးတွေ မသုံးဘဲ စိုက်ပျိုးနေတဲ့သူတွေ၊ နောက် ကျန်းမာရေးအတွက်ကောင်းတဲ့ ပစ္စည်းတွေကို ထုတ်နေ ကြတဲ့သူတွေနဲ့ ဝယ်တဲ့သူတွေ တိုက်ရိုက်ထိတွေ့စေချင်တဲ့စေတနာပါ။ ရန်ကုန်မြို့မှာရှိတဲ့ ပြည်သူပြည်သား တွေ ကျန်းမာရေးအတွက် ပိုကောင်းတဲ့အစားအသောက်တွေ ပိုစားနိုင်ဖို့အတွက်ကို ကျွန်မတို့က ဒီဈေးလေးကို လုပ်ဖြစ်သွားတာပါ ” ဟု ဈေးဖြစ်မြောက်ရေးအတွက် စီစဉ်ရာတွင် ပါဝင်သူ မကြေးမုံလွင်က မဇ္ဈိမသို့ ပြောသည်။

ထိုသို့ သြဂဲနစ် သီးနှံများနှင့် ကျန်းမာရေးနှင့် ညီညွှတ်သည့်ကော်ဖီမှအစ မြန်မာမုန့်များအဆုံး ရောင်းချရာတွင် ပလတ်စတစ်အိတ်များအား အသုံးပြုခြင်းမရှိဘဲ ပလပ်စတစ်ကင်းစင်မှုအား ထိန်းသိမ်းသည့်အနေဖြင့် ဝယ်ယူ သည့်ပစ္စည်းများကို သတင်းစာစက္ကူများ၊ စက္ကူအိတ်များဖြင့် ထုတ်ပို့ပေးသည့်စနစ်အား အသုံးပြုနေခြင်းဖြစ်သည်။

ယင်း တောင်သူလယ်သမားများဈေးသို့ လာရောက်ဝယ်ယူကြသူများကိုယ်တိုင်ကလည်း ဝယ်ယူသည့်ပစ္စည်းများထည့်ရန် အိတ်၊ ခြင်းများနှင့် ချိုင့်များကို ယူဆောင်လာပြီး ဈေးအတွင်းလည်ပတ်နေသည်ကိုတွေ့ရသည်။

“ ဒီမှာ ဈေးလာဝယ်ရတာ စိတ်ချမ်းသာတယ်။ ဓာတုဗေဒပစ္စည်းတွေ မသုံးထားဘူးလို့ သိတဲ့အတွက်ကြောင့် မို့လို့ စိတ်ချလက်ချ ဝယ်လို့ရတာပေါ့။ အပြင်မှာဝယ်ရတာ ဈေးက ပိုသက်သာရင် သက်သာမှာပေါ့။ ဒါပေမယ့် ဓာတုဗေဒပစ္စည်းတွေ သုံးထားလား၊ မသုံးထားဘူးလားဆိုတာ အစ်မတို့အနေနဲ့ မသိနိုင်ဘူးလေ။ နောက်ပြီးတော့ အခုက ရောဂါတွေကလည်း ပို ပိုများလာတဲ့ အခါကျတော့ ဆေးသုံးထားတဲ့ပစ္စည်းတွေ ကို ဈေးပေါပေါနဲ့ ဝယ်သုံးတော့ ရောဂါဖြစ်ရင် ပိုက်ဆံက ဒီထက်ပိုကုန်တာပေါ့၊ ဒီမှာရောင်းတာက ဈေးပိုများတယ်ဆိုပေမယ့် ကျန်းမာရေးအတွက် စိတ်ချရတယ် ” ဟု တောင်သူလယ်သမားများဈေးတွင် လာရောက်ဝယ်ယူသူ မကေသွယ်ဦးက ပြောသည်။

အဆိုပါ ဈေးအတွင်း သြဂဲနစ်စနစ်ဖြင့် စိုက်ပျိုးထားသည့် ဟင်းသီးဟင်းရွက်များ၊ သီးနှံများ၊ ပေါင်မုန့်များ၊ ကြက်ဥ၊ ပန်း၊ စိုက်ပျိုးပင်၊ လက်ဖက်ရည်၊ ကော်ဖီ၊ ဖျော်ရည်၊ ပျားရည်၊ နံနက်စာအဖြစ် မြန်မာမုန့်မျိုးစုံ၊  ဘာဂါ နှင့် နိုင်ငံတကာအစားအစာ အမျိုးအမည်များစွာ ရောင်းချနေခြင်းဖြစ်သည်။

တောင်သူလယ်သမားများဈေးအား ယနေ့ သြဂုတ်လ ၈ ရက်နေ့တွင် ၁၆ ကြိမ်မြောက်အဖြစ် ခင်းကျင်း ရောင်းချခဲ့ခြင်းဖြစ်ပြီး နိုင်ငံခြားသားများပါ လာရောက်ဝယ်ယူနေကြသည်ကို တွေ့ရသည်။