နိုင်ငံရေးဆွေးနွေးပွဲများ နှောင့်နှေးနေဟု KNU ဥက္ကဋ္ဌ ဆို

.

ဇန်နဝါရီ ၁၂ရက်က ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံတွင်တွေ့ရသည့် KNUဥက္ကဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး(ဓာတ်ပုံ- သက်ကို/မဇ္ဈိမ)

ရန်ကုန် ၊ စက်တင်ဘာ ၈ ။        ။ နိုင်ငံရေးဆိုင်ရာ သဘောတူညီချက်များ ရရှိခြင်းမရှိသည့်အတွက် နိုင်ငံရေးဆွေးနွေးပွဲများနှောင့်နှေးနေသည်ဟု ကရင်အမျိုးသားအစည်းအရုံး ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက ပြောဆိုလိုက်သည်။

ယနေ့ စက်တင်ဘာ ၈ ရက်နေ့တွင် ကျင်းပသည့် အပစ်ရပ်လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ(NCA-S EAO)၏ တတိယအကြိမ်မြောက် ထိပ်သီးညီလာခံ ဖွင့်ပွဲမိန့်ခွန်းတွင် ၄င်းက အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။

“ကြုံတွေ့ရတဲ့အခက်အခဲကို ရင်ဆိုင်ကျော်လွှားနိုင်ဖို့အတွက် ဆုံးဖြတ်ချက်ချပိုင်ခွင့်ရှိတဲ့ ခေါင်းဆောင်များ အကြားမှာ အနာဂတ်ဖယ်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို တည်ဆောက်ဖို့အတွက် ဘုံရည်မှန်းချက်နဲ့ ဘုံစံနှုန်းတွေ ညှိနှိုင်းရယူဖို့ လိုပါတယ်” ဟု ဗိုလ်ချုပ်ကြီးမူတူးစေးဖိုးက ဆိုသည်။

ထိုကဲ့သို့ ဘုံသဘောထားများချမှတ်ရာတွင် NCA စာချုပ် လက်မှတ်မထိုးရသေးသည့် အဖွဲ့များလည်း ပါဝင်ရမည်ဖြစ်ပြီး ယင်းအဖွဲ့များအနေဖြင့် အလွတ်သဘောဆွေးနွေးပွဲများတွင် ပါဝင်ဆွေးနွေး၍ ရသည်ဟု ၄င်းကဆိုသည်။

“တိုင်းပြည် ငြိမ်းချမ်းရေးကိုရှေးရှုကာ ဘုံသဘောထားရပ်တည်ချက်တွေ ခိုင်ခိုင်မာမာချမှတ် အကောင်အထည် ဖော်နိုင်ဖို့ အတွက် ညှိနှိုင်းဆောင်ရွက်သွားကြရမှာဖြစ်တယ်လို့ ပြောကြားလိုပါတယ်” ဟု ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးက ဆိုသည်။

အပစ်ရပ်လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ(NCA-S EAO)၏ တတိယအကြိမ် မြောက် ထိပ်သီးညီလာခံအစည်းအဝေးကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် စက်တင်ဘာ ၈ ရက်နေ့မှ ၁၁ ရက်နေ့ အထိ လေးရက်တာ ကျင်းပနေသည်။

ယခုကျင်းပသည့်အစည်းအဝေးတွင်  ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံ တတိယ အစည်းအဝေးနှင့် နိုင်ငံရေးဆွေးနွေးမှု ဆိုင်ရာမူဘောင်ပြန်လည်သုံးသပ်ခြင်း၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် နှင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူ စာချုပ်လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့စည်းများ၏ ရှေ့လုပ်ငန်းစဉ် များကို ဆွေးနွေးသွားကြမည်ဖြစ်သည်။

ယခုအစည်းအဝေးကို အပစ်အခတ်ရပ်စဲရေး လက်မှတ်မထိုးရသေးသည့်အဖွဲ့များဖြစ်သည့်  ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ FPNCC အဖွဲ့မှ အဖွဲ့ဝင် တစ်ဦးစီ တက်ရောက်ရန် နှင့် ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ KNPP အဖွဲ့မှ ၂ ဦး တက်ရောက်ရန် ဖိတ်ကြားထားသည်ဟုလည်း သိရသည်။

လက်ရှိ NCA သဘောတူစာချူပ်လက်မှတ်ရေးထိုးထားသည့် အဖွဲ့များမှာ ကရင်အမျိုးသားအစည်းအရုံး KNU ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS ၊ ပအို့အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချူပ် PNLO၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF ၊ ဒီမိုကရေစီအကျိုးပြုတပ်မတော် DKBA၊ ချင်းအမျိုးသားတပ်ဦး CNF ၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ၊ ကရင်ငြိမ်းချမ်းရေးကောင်စီ KNLA/PC ၊ မွန်ပြည်သစ်ပါတီ NMSP နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး LDU အဖွဲ့များ ဖြစ်သည်။