မကွေးတွင် မှုခင်းသတင်းထောက်ကတ်ပြ၍ ခြိမ်းခြောက်ငွေတောင်းခံသူများကို အမှုဖွင့်

.

မကွေး၊စက်တင်ဘာ ၈ ။          ။ မကွေးတိုင်းဒေသကြီး အောင်လံမြို့တွင် သတင်းထောက်ကတ်ပြားများထုတ်ပြကာ မီးသွေးအရောင်း အ၀ယ်ပြုလုပ်သူထံမှ ခြိမ်းခြောက်ငွေတောင်းခံခဲ့သူများကို အမှုဖွင့်တိုင်ကြားထားကြောင်း အောင်လံမြို့မ ရဲစခန်းမှ သိရသည်။

ဖြစ်စဉ်မှာ အောင်လံမြို့၊ မကျည်းကုန်းရပ်ကွက်တွင်နေထိုင်သော ဦးသိန်းဇော်သည် မီးသွေးအရောင်းအဝယ်ပြုလုပ်ရာတွင် နယ်ခြားမြို့များသို့ သယ်ယူပို့ဆောင်ရောင်းချရာ၌ သက်ဆိုင်ရာမှ ခွင့်ပြုမျှောစာဖြင့်ဖြစ်စေ၊ မျှောစာအဟောင်းဖြင့်ဖြစ်စေ လုပ်ကိုင်လျှက်ရှိသည်ကို အောင်လံမြို့နေထိုင်သူ(၅)ဦးမှ မှုခင်းသတင်းထောက်၊ မှုခင်းတပ်ဖွဲ့၊ သတင်းရဲတပ်ဖွဲ့၊ စရဖ အဖွဲ့ ၊ စစစ အဖွဲ့တို့မှဖြစ်ကြောင်း သတင်းထောက်ကတ်ပြားထုတ်ပြကာ မီးသွေးအရောင်းအဝယ်လုပ်ကိုင်ခြင်းအတွက် ထောင် ၁၀ နှစ်ကျနိုင်ကြောင်း၊ ၄င်းတို့အဖွဲ့မှ အရေးယူတိုင်တန်း လျှင် ဒုက္ခရောက်သွားနိုင်ကြောင်း ဥပဒေပုဒ်မများဖြင့် ခြိမ်းခြောက်ကာ ငွေတောင်းခဲ့သည်ဟု သိရသည်။

ထို့ကြောင့် ၄င်းတို့အား လစဉ်ဆက်ကြေးပေးလျှင် သတင်းပေးပို့တိုင်တန်းခြင်း မပြုကြောင်းပြောဆိုခြိမ်းခြောက် ထားသဖြင့် ၎င်းတို့(၅)ဦးအား တစ်လတစ်ကြိမ်ငွေ(၅)သောင်းကျပ်စီပေးခဲ့ရကြောင်း၊ သြဂုတ်လ ၃၀ရက်နေ့ တွင် ဦးသိန်းဇော်သည် လုပ်ငန်းတူအပေါင်းအသင်းများဖြစ်ကြသော ဦးသန်းဝင်းစိန် ၊ဦးအောင်ငွေနှင့်အလုပ်သမားများစုဝိုင်း၍ အောင်လံမြို့ပြည်လမ်းစက်ရုံရပ်ကွက်ရှိ AURORA လ္ဘက်ရည်ဆိုင်တွင် ထိုင်နေစဉ်မြင့်အောင်၊ ဝင်းမောင်(မင်းသားကြီး)၊မင်းကို၊ဟန်အေးတို့(၄)ဦးရောက်လာပြီး "ငွေ (၁)သိန်း(၂)သောင်းကျပ်အား ချက်ချင်းပေး၊ မပေးရင် ထောင်(၁၀)နှစ်ကျခံနိုင်တဲ့ ဥပဒေဖြင့်တိုင်တန်းမယ်”ဟု ခြိမ်းခြောက်ခဲ့ကြောင်း၊ မိတ်ဆွေများရှေ့၌ ငွေအားထုတ်ပေးခဲ့ရပြီး ဦးသိန်းဇော်မှမကျေလည်၍ ၎င်း၏ မိတ်ဆွေများအား မေးမြန်းကြည့်ရာက တာဝန်ရှိပြည်သူ့ဝန်ထမ်း မဟုတ်ကြောင်း၊ အရပ်ဖက်မှုခင်းသတင်းမီဒီယာ အဖွဲ့ဝင်များသာဖြစ်ကြောင်းပြောဆိုကြသဖြင့် အောင်လံမြို့မရဲစခန်းသို့ လာရောက်အမှုဖွင့်လှစ် တိုင်တန်းခဲ့ခြင်းဖြစ်ကြောင်း အောင်လံမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

အဆိုပါဖြစ်စဉ်အား အောင်လံမြို့မရဲတပ်ဖွဲ့စခန်းက ပြစ်မှုကျူးလွန်ရန် အားထုတ်ကြောင်း စွပ်စွဲတိုင်ကြားမည်ဟု ခြိမ်းခြောက်မှု ရာဇသတ်ကြီးပုဒ်မ (၃၈၉) ၊ ပြည်သူ့ဝန်ထမ်းအယောင်ဆောင်မှု ပုဒ်မ(၁၇၀)ဖြင့်လည်းကောင်း၊ ပြစ်မှုကျူးလွန်ရာတွင် ကိုယ်တိုင်ရှိနေပြီးအားပေးကူညီမှု ပုဒ်မ(၁၁၄)ဖြင့်လည်းကောင်း အမှုဖွင့်လှစ်ထားကြောင်း မြို့မရဲတပ်ဖွဲ့စခန်းတာဝန်ရှိသူတစ်ဦးကပြောသည်။

တိုင်ကြားခံသူများအနက် ဝင်းမောင်(ခ)မင်းသားကြီးနှင့် ဟန်အေးတို့အားစက်တင်ဘာ(၆)ရက်ညက ချက်ချင်း ဖမ်းဆီးရမိခဲ့ပြီးကျန်ရှိသူများ ဖမ်းဆီးနိုင်ရေး ဆောင်ရွက်လျှက်ရှိကြောင်း စခန်းမှုး ဒုရဲမှုးစိုးညွှန့်ဦးကပြောသည်။