NEWS FLASH:  ဒေါက်တာညိုညိုသင်း၏ တိုင်ကြားစာအပေါ် အရေးယူရန်မရှိဟု အဂတိကော်မရှင် ဆုံးဖြတ်

YOPE ရုပ်/သံ Mizzima English

သတင်းသမားနှစ်ဦး ထောင်နှစ်ရှည်ချခံရမှု အစိုးရပါဝင် ပတ်သက်မှု မရှိ “လုံးဝ မဟုတ်ဘူး No ပါ” လို့ ဦးဇော်ဋ္ဌေး ဆို

.

(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(စက်တင်ဘာ ၇ရက်၊ ၂၀၁၈ခုနှစ်)။ ။ ဂျပန်နိုင်ငံအခြေစိုက် NHK သတင်းဌာနနှင့် အင်တာဗျူးတွင် ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက်သည် ရိုက်တာသတင်းထောက်နှစ်ဦးအမှု စီရင်ချက်အပေါ် ဖိအား မဖြစ်ခဲ့ကြောင်း သမ္မတရုံး၊ ပြောခွင့်ရသူ ဦးဇော်ဋ္ဌေးက ပြောဆိုလိုက်သည်။

“NHK နဲ့ အင်တာဗျူးပေါ့နော်။ အဲ့ဒါနဲ့ပတ်သက်လို့ ကျနော်တို့က ပွင့်ပွင့်လင်းလင်း၊ ပြတ်ပြတ်သားသား ပြောရရင် လုံးဝ မဟုတ်ဘူး။ No ပါ။ ကျနော်တို့ အစိုးရ အနေနဲ့ တရားရေးမဏ္ဍိုင်ကို ဖိအားပေးတာမျိုးလည်း လုံးဝ မရှိဘူး။ ဒီဟာကိုပဲ ဖိအားလို့ ယူဆမှာလည်း မဟုတ်ဘူး” ဟု စက်တင်ဘာ ၇ရက်က သမ္မတအိမ်တော်တွင် သတင်းထောက်များနှင့် တွေ့ဆုံစဉ် ဦးဇော်ဌေးက ပြောသည်။

သို့သော် ယခုလ ၃ရက်နေ့က ရိုက်တာသတင်းထောက်နှစ်ဦးကို ရန်ကုန်မြောက်ပိုင်းခရိုင်းတရားရုံးက ထာင်ဒဏ်(၇)နှစ် ချမှတ်လိုက်သဖြင့် အစိုးရအပေါ် နိုင်ငံတကာဖိအားများ ပိုမိုများပြားလာကြောင်း မဇ္ဈိမ၏ မေးမြန်းမှုအပေါ် ဦးဇော်ဋ္ဌေးက ဖြေကြားသည်။

“မြန်မာနိုင်ငံအတွက် ပိုပြီးတော့ Pressure တွေ များလာတာပေါ့နော်။ ဒီလို အချိန်အခါမျိုးမှာ တရားရုံးက ဆုံးဖြတ်လိုက်တယ်ဆိုတာ တရားရုံးက ဒီဟာတွေ မသိဘူး။ တရားရုံးရဲ့ Process အတိုင်း သူ့ဟာသူ ဆုံးဖြတ်တာ။ ဒါကတော့ ဒီလို အချိန်မှာ ဖြစ်သွားတယ်။ ကျနော်တို့မှာလည်း Pressure ပိုများတယ်” ဟု ၎င်းက ဆိုသည်။

ရိုက်တာသတင်းထောက်နှစ်ဦးဖြစ်သည့် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ နှစ်ဦးကို အစိုးရလျှို့ဝှက်ချက်များ အက်ဥပဒေဖြင့် ထောင်ဒဏ် (၇)နှစ် အမိန့်ချမှတ်မှုသည် တရားရုံး၏ စီရင်ဆုံးဖြတ်ပိုင်ခွင့်သာ ဖြစ်ပြီး တရားရေးကို မထီမဲ့မြင်ပြု၍ မရကြောင်းလည်း ၎င်းက ပြောကြားသည်။

“အဲ့တော့ ဒီစီရင်ချက်အပေါ်မှာလည်း ကျနော်တို့က ဘာမှမှတ်ချက် မပေးလိုဘူး။ အဲ့တော့ စီရင်ချက် ချမှတ်ပြီးတဲ့ နောက်ပိုင်းမှာ ဖြစ်လာတာကတော့ နောက်ပိုင်းမှာ သင့်တော်သလို သူ့ဟာသူ ဖြစ်ကောင်းဖြစ်လာနိုင်တာပေါ့နော်” ဟု ဦးဇော်ဋ္ဌေးက ပြောသည်။

ရိုက်တာသတင်းထောက်များ အမှုရင်ဆိုင်နေရချိန် ပြီးခဲ့သည့် ဇွန်လအတွင်းက NHK နှင့် အင်တာဗျူးတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က “ရခိုင် အရေးကို သတင်းယူလို့ ဖမ်းဆီးတာမျိုး မရှိပါဘူး။ သူတို့ အဖမ်းခံရတယ် ဆိုတာက နိုင်ငံတော် လျှို့ဝှက်ချက် ဥပဒေကို ချိုးဖောက်တဲ့ အတွက်သာ သူတို့ အဖမ်းခံရတာပါ။ ဒီနေရာမှာ တရားစီရင် စစ်ဆေးမှုနဲ့ ပတ်သက်လို့ လူတိုင်းမှာ လွတ်လွတ်လပ်လပ် ပြန်ကြားသိခွင့် ရှိနေတယ် ဆိုတာကို ရှင်သတိပြုမိမယ် ထင်ပါတယ်။ ကိစ္စတိုင်းက လုပ်ထုံးလုပ်နည်းတွေ အတိုင်းပဲ သွားနေတာပါ” ဟု ဖြေကြားခဲ့သည်။

နိုင်ငံတော်လျှို့ဝှက်ချက်ဥပဒေကို ချိုးဖောက်၍ အဖမ်းခံရခြင်းဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ အဆိုပါ ဖြေကြားချက်သည် အစိုးရ၏ သဘောထား၊ မှတ်ချက်ကဲ့သို့ ဖြစ်သွားပြီး အမှုစစ်ဆေးနေစဉ်အတွင်း အပြစ်ရှိကြောင်း ကြိုတင်နိမိတ်ဖတ်သည့် သဘော သက်ရောက်သွားစေကြောင်း မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၊ အဖွဲ့ဝင် ဦးမြင့်ကျော်က မှတ်ချက်ပြုသည်။

“ဒီပုဒ်မကို ချိုးဖောက်လို့ ဖမ်းတယ်ဆိုတာက အစိုးရအနေနဲ့ သဘောတူတယ်ဆိုတဲ့ နိမိတ်သန်းတာပေါ့။ ဒီဟာက အမှုအတွက် သွားပြီး ဘက်လိုက်သလို ဖြစ်သွားတယ်လို့ ကျနော်တို့က ယူဆတယ်။ ဒါဟာ လက်သည်လို့တော့လည်း မယူဆပါဘူး။ ဒါကို ဖမ်းချင်တာက ပြည်ထဲရေးလို့ နားလည်ထားပါတယ်” ဟု ဦးမြင့်ကျော်က ပြောသည်။

NHK သတင်းဌာနမှ ဝါရင့်သတင်းထောက် ဦးသီဟသွေးက ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် တမင် ဖိအားပေးလိုသည့် သဘောဖြင့် ပြောကြားသည်ဟု မယူဆကြောင်း၊ သို့သော် တရားရုံးဆုံးဖြတ်ချက်သည် မျှတမှုမရှိဟု ယူဆကြောင်းနှင့် အစိုးရနှင့် အရပ်သားများ အမှုအခင်းဖြစ်တိုင်း အရပ်သားများကသာ အမြဲလို အမှုရှုံးရသည်မှာလည်း မဖြစ်သင့်ကြောင်း သုံးသပ်သည်။

ရိုက်တာသတင်းထောက်နှစ်ဦးဖြစ်သည့် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့သည် ၂၀၁၇ ခုနှစ် စက်တင်ဘာလအတွင်းက ရခိုင်ပြည်နယ် မောင်တော ခရိုင် အင်းဒင်ကျေးရွာ၌ မွတ်စလင်အမျိုးသား ၁၀ ဦးကို လုံခြုံရေးတပ်ဖွဲ့ဝင်များက သတ်ဖြတ်ခဲ့သည့် ကိစ္စကို စုံစမ်းထောက်လှမ်းနေစဉ်အတွင်း ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ်တွင်၊ ဒီဇင်ဘာ ၁၂ရက်ညက ဖမ်းဆီးခံရခြင်း ဖြစ်သည်။

၎င်းတို့နှစ်ဦးသည် အမှတ် ၃ လမ်းအတိုင်း လျှောက်လာစဉ် ရဲတပ်ဖွဲ့က ရပ်တန့်စစ်ဆေးရာမှ နိုင်ငံတော် လျှို့ဝှက်စာရွက်စာတမ်းများ လက်ဝယ်တွေ့ရှိသည်ဟုဆိုကာ ဖမ်းဆီးခဲ့သည်ဟု ပြည်ထဲရေးက ထုတ်ပြန်သည်။

သတင်းထောက်နှစ်ဦးကမူ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ၎င်းတို့ကို သတင်းပေးစရာရှိသဖြင့် လာတွေ့ရန် ချိန်းဆိုပြီး လက်ထဲသို့ စာရွက်လိပ်တစ်လိပ်ကို ထည့်ပေးကာ အိမ်ရောက်မှကြည့်ရန် မှာကြားခဲ့ကြောင်း၊ ထိုဆိုင်မှအထွက်တွင် အသင့်စောင့်ဆိုင်းနေသည့် ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း တရားရုံးတွင် ထွက်ဆိုခဲ့သည်။

ထိုဖြစ်စဉ်မှာ ထောင်ချောက်ဆင် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း တရားလိုပြသက်သေတစ်ဦးဖြစ်သူ ဒုရန်မှူး မိုးရန်နိုင်ကလည်း တရားရုံးတွင် ထွက်ဆိုခဲ့သေးသည်။ ထိုသို့ ထွက်ဆိုပြီး မကြာမီ ဒုရဲမှူး မိုးရန်နိုင်ကို ရဲစည်းကမ်းချိုးဖောက်မှုဖြင့် ထောင် ၁နှစ် ချမှတ်ခဲ့ပြီး ၎င်း၏ မိသားစုဝင်များကိုလည်း ရဲဝန်ထမ်း လိုင်းခန်းမှ ဖယ်ရှားခဲ့သည်။

ထို့နောက် ဖမ်းဆီးထိန်းသိမ်းပြီးနောက် ၉လကျော် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပြီး သတင်းထောက်နှစ်ကို ထောင်ဒဏ် ၇နှစ်စီ ကျခံစေရန် ယခုလ ၃ရက်နေ့တွင် တရားရုံးက အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

ထိုသို့ သတင်းထောက်များအား နှစ်ရှည်ထောင်ဒဏ် ချမှတ်မှုအပေါ် စိတ်ပျက်မိကြောင်းနှင့် အမြန်ဆုံး ပြန်လွတ်ပေးရန် နိုင်ငံတကာ သံရုံးများနှင့် မီဒီယာအဖွဲ့အစည်းအသီးသီးကလည်း ကြေငြာချက်များ တိုက်တွန်း၊ တောင်းဆိုထားသည်။