သြဂုတ်လအတွက် ပရီးမီးယားလိဂ် အကောင်းဆုံးဆုများကို ဝက်ဖို့ဒ်နည်းပြ ဂရာစီယာ၊ စပါးတောင်ပံလူ မိုရာနဲ့ ဖူလ်ဟမ်ကွင်းလယ်လူ ဆီရီတို့ ရရှိ

.

(ဓာတ်ပုံ - EPL)

ပြီးခဲ့တဲ့ သြဂုတ်လအတွက် ပရီးမီးယားလိဂ် တစ်လတာ အကောင်းဆုံးဆုရရှိသူများကို စက်တင်ဘာ ၇ ရက်က ထုတ်ပြန်ကြေညာခဲ့ရာ နည်းပြဆိုကို ဝက်ဖို့ဒ်အသင်းနည်းပြ ဟာဗီယာ ဂရာစီယာ၊ ကစားသမားဆုကို စပါးတောင်ပံကစားသမား လူးကပ်စ်မိုရာနဲ့ သွင်းဂိုးဆိုကို ဖူလ်ဟမ်အသင်းကွင်းလယ်လူ ဆီရီတို့ ဆွတ်ခူးရရှိခဲ့ကြပါတယ်။

ဝက်ဖို့ဒ်အသင်းနည်းပြ ဂရာစီယာဟာ သြဂုတ်လအတွင်း ယှဉ်ပြိုင်ကစားခဲ့တဲ့ ၃ ပွဲစလုံးနိုင်ပွဲရအောင် စွမ်းဆောင်ပေးနိုင်ခဲ့တာကြောင့် ချယ်လ်ဆီးနည်းပြ ဆာရီ၊ လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်၊ စပါးနည်းပြ ပိုချက်တီနိုစတဲ့ ထိပ်တန်းနည်းပြများကို ကျော်ဖြတ်ပြီး အကောင်းဆုံးဆု ဆွတ်ခူးရရှိခဲ့တာဖြစ်ပါတယ်။

ဂရာစီယာရဲ့ ဝက်ဖို့ဒ်အသင်းဟာ သြဂုတ်လအတွင်း ဘရိုက်တန်၊ ဘန်လေနဲ့ ခရစ္စတယ်ပဲလေ့စ်အသင်းတို့ကို အနိုင်ခဲ့တာဖြစ်ပြီး စက်တင်ဘာလအစကလည်း စပါးအသင်းကို ဆက်နိုင်သေးပါတယ်။

နည်းပြ ဂရာစီယာက “ကျနော် အလွန်ပျော်ရွှင်မိပါတယ်။ ဒီဆုအတွက် ကျနော်တို့ ပျော်ရွှင်နေကြပါတယ်။ ဘာတွေဖြစ်လာမလဲဆိုတာကိုတော့ ခင်ဗျား သိနိုင်မှာ မဟုတ်ပါဘူး။ လမ်းရဲ့ အဆုံးတစ်ခုကိုသာ မကြည့်ပါနဲ့။ တစ်ရက်ချင်း တစ်ရက်ချင်းတာ ပျော်ရွှင်ဖို့ ကြိုးစာပါ။ ကျနော်တို့ အလွန်ကောင်းတဲ့ အရာတွေကို အတူတကွ လုပ်ဆောင်မယ်ဆိုရင် အောင်မြင်မှု ရနိုင်တယ်လို့ ကျနော် ထင်ပါတယ်။”လို့ ပြောပါတယ်။

အဆိုပါဆုဟာ ဂရာစီယာအတွက် ပထမဆုံးရရှိသည့် တစ်လတာအကောင်းဆုံးဆုဖြစ်ပြီး အသင်းသမိုင်းမှာ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလအတွက် အကောင်းဆုံးဆုရရှိခဲ့သူ ဆန်းချက်ဇ်ဖလောရက်စ်နောက်ပိုင်း ဒုတိယမြောက် ရရှိသူဖြစ်လာပါတယ်။

စပါးအသင်းရဲ့ ဘရာဇီးလ်ကစားသမား လူးကပ်စ်မိုရာဟာလည်း အသင်းအတွက် ပရီးမီးယားလိဂ် (၃)ပွဲ ကစားရာမှာ ဖူလ်ဟမ်အသင်းနဲ့ ပွဲမှာ (၁)ဂိုး၊ မန်ယူအသင်းနဲ့ပွဲမှာ (၂)ဂိုး၊ စုစုပေါင်း (၃)ဂိုး သွင်းယူနိုင်ခဲ့တာကြောင် ဒီအကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးရရှိခဲ့ပါတယ်။

“ကျနော်ရဲ့ ခံစားချက်နဲ့ပတ်သက်လို့ ရှင်းပြဖို့က ခက်ပါတယ်။ ကျနော် အရမ်းပျော်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီဆုရဖို့အတွက် မလွယ်ကူလို့ပါ။ ဒီအခိုက်အတန့်အတွက် ကျနော် အကြာကြီးစောင့်ခဲ့ရတာပါ။ ဒီမှာ ပျော်ရွင်နေဖို့ လိုအပ်ပြီး အလုပ်လည်း ဆက်ပြီး ကြိုးစားမယ်။ ဘာကြောင့်လဲဆိုတော့ ဒီထက်ပိုပြီး ကောင်းလာနိုင်သေးတယ်လို့ ယုံကြည်လို့ပါ”လို ဆုရပြီးနောက် မိုရာက ပြောဆိုသွားခဲ့ပါတယ်။

သြဂုတ်လအတွက် တစ်လတာအကောင်းဆုံး ကစားသမား ဆန်ခါတင်စာရင်းမှာ အလွန်ဆို (ချယ်လ်ဆီး)၊ အီသာရစ်ခ်ျ (ကာဒစ်ဖ်)၊ မာနေ (လီဗာပူးလ်)၊ မန်ဒီ (မန်စီးတီး)၊ ပယ်ရေရာ (ဝက်ဖို့ဒ်)နဲ့ ဗန်ဒိုက် (လီဗာပူးလ်) တို့ပါဝင်ပြီး ဒီဆုကို ဘောလုံးရေးရာ ကျွမ်းကျင်းသူများ၊ ပရီးမီးယားလိဂ်အသင်းခေါင်းဆောင်များနဲ့ ပရိသတ်များက မဲပေးရွေးချယ်တာဖြစ်ပြီး လူးကပ်စ်မိုရာက ဆန်ခါတင်စာရင်းမှာပါတဲ့ ကစားသမားတွေကို ကျော်ဖြတ်ပြီး ဆွတ်ခူးရရှိခဲ့တာဖြစ်ပါတယ်။

မိုရာဟာ တစ်လတာအကောင်းဆုံးဆု ရရှိတဲ့ (၄)ဦးမြောက် ဘရာဇီးလ်ကစားသမားနဲ့ စပါးအသင်းအတွက် (၂၂)ဦးမြောက် ရယူပေးနိုင်သူလည်းဖြစ်ပါတယ်။

သွင်းဂိုးဆုကိုတော့ ဖူလ်ဟမ်အသင်းရဲ့ အိုင်ဗရီကို့စ်ကွင်းလယ်လူ ယန်းမိုက်ကယ်ဆီရီက ဘန်လေအသင်းကို အိမ်ကွင်းမှာ ၄-၂ ဂိုးနဲ့ နိုင်တဲ့ပွဲမှာ သွင်းယူခဲ့တဲ့ ဂိုးနဲ့ ရရှိခဲ့တယ်လို့ သိရပါတယ်။

Ref; Premier League