အစိုးရနဲ့ KIO တွေ့ဆုံမှု အစည်းအဝေးပျက်သည့် သတင်းမမှန်ကန်ဟု ဗိုလ်ချုပ်ဂွန်မော်ဆို

.

ဓာတ်ပုံ-AFP
 

ရန်ကုန် ၊ စက်တင်ဘာ ၈ ။          ။ ငြိမ်းချမ်းရေးကော်မရှင်(PC) နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO တို့ တရုတ်နိုင်ငံ ကူမင်းမြို့တွင် တွေ့ဆုံရန် စီစဉ်ထားမှု ပျက်ခဲ့ကြောင်း သတင်းများထွက်ပေါ်ခဲ့ပြီးနောက် ယင်းသတင်းနှင့်ပတ်သက်ပြီး မှန်ကန်မ မရှိကြောင်း KIO ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ဂွန်မော်က မဇ္ဈိမ၏ ဆက်သွယ်မေးမြန်းမှုကို ဖြေဆိုခဲ့သည်။

“ဆွေးနွေးပွဲပျက်တယ်ဆိုတာမဟုတ်ပါဘူး။ ဟိုနေ့က ဆွေးနွေးပွဲ မရှိတာပါ။ အပြင်မှာထွက်နေတဲ့ သတင်းတွေက မှားတာပါ”  ဟု ဗိုလ်ချုပ်ဂွန်မော်ကဆိုသည်။

တရုတ်နိုင်ငံ၏ ကြားဝင်ညှိနှိုင်းပေးမှုဖြင့် တရုတ်နိုင်ငံ ကူမင်းမြို့တွင် အစိုးရဘက်က ငြိမ်းချမ်းရေး ကော်မရှင်(PC) နှင့် မြောက်ပိုင်းမဟာမိတ် အဖွဲ့ဝင်များဖြစ်သည့် တအာင်း(TNLA)၊ ရက္ခိုင့်(AA) ၊ ကိုးကန့်(MNDAA) တို့ ပြီးခဲ့သည့် စက်တင်ဘာ ၅ ရက်နေ့တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။

ယင်းဆွေးနွေးပွဲသို့ KIO ဘက်မှ လေ့လာသူအဖြစ် ဗိုလ်မှူးချုပ် ဇော်လွမ် နှင့် ဗိုလ်မှူးချုပ် ဘရမ်နမ် တို့ တက်ရောက်ခဲ့သည်ဟု ဗိုလ်ချုပ်ဂွန်မော်ကဆိုသည်။

“KIO နဲ့ PC နဲ့ ဆွေးနွေးပွဲရှိမယ်ဆိုတဲ့သတင်းကထွက်သွားလို့ပါ။ တကယ်က ဆွေးနွေးပွဲမရှိပါဘူး” ဟု ၄င်းကပြောသည်။

တရုတ်နိုင်ငံ ယူနန်ပြည်နယ်အတွင်း၌ တပ်မတော်ဘက်က ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့များအကြား ၂ ကြိမ်တိုင်တိုင် တွေ့ဆုံဆွေးနွေးခဲ့သော်လည်း တစ်စုံတရာရလဒ် မထွက်ပေါ်ခြင်းမရှိခဲ့ပေ။

ကချင်လွတ်လပ်ရေးအဖွဲ့(KIO) အနေဖြင့် တပ်မတော်အစိုးရလက်ထက်တွင် အပစ်အခတ်ရပ်စဲရေး လုပ်ဆောင် ခဲ့သော်လည်း သမ္မတဦးသိန်းစိန်ဦးဆောင်သည့် အစိုးရလက်ထက် ၂၀၁၁ ခုနှစ်တွင် တိုက်ပွဲများ ပြန်လည် ဖြစ်ပွားလာခဲ့ခြင်း ဖြစ်သည်။