မန္တလေးရဲအတတ်သင်သိပ္ပံကျောင်းတိုက်ခန်းများတွင် နေထိုင်သူများကို ရဲတပ်ဖွဲ့ရှင်းလင်း

.

မန္တလေး စက်တင်ဘာ ၈ ။                       ။ မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ၆၈ လမ်း၊ ၂၈ လမ်းနှင့်၂၉ လမ်းကြားရှိ ရဲအတတ်သင်သိပ္ပံကျောင်း တိုက်ခန်းများတွင် နေထိုင်သူများကို ကျူးကျော်နေထိုင်သည်ဟုဆိုကာ ရဲတပ်ဖွဲ့က အင်အားသုံးရှင်းလင်းခဲ့သည်။

ထိုသို့ အင်အားသုံးရှင်းလင်းမှုကို သြဂုတ်လ ၅ ရက်နေ့က ပြုလုပ်ရန်ရှိသော်လည်း တစ်လ နောက်ဆုတ်ပေးခဲ့ပြီး စက်တင်ဘာလ ၈ ရက်၊နံနက်ပိုင်းတွင် ရဲအင်အားအသုံးပြု ရှင်းလင်းဖယ်ရှားနေခြင်းဖြစ်သည်။

ယခုအဖျက်ခံရသည့် တိုက်ခန်းတွင် နေထိုင်သူများသည် ကျူးကျော်နေထိုင်သူများဖြစ်သည်ဟုဆိုကာ ၁၉၅၅ ခုနှစ် အစိုးရအိမ်ဥပစာ(နှင်ထုတ်ခြင်း)အပ်ဥပဒေ ပုဒ်မ ၃ အရ ဖယ်ရှားပေးရန်အတွက် ရဲသိပ္ပံ တာဝန်ရှိသူများက အကြိမ်ကြိမ် အကြောင်းကြားစာ ပေးခဲ့ပြီးလည်းဖြစ်ကြောင်းသိရသည်။

ယခုအဖျက်ခံရသော တိုက်ခန်းများတွင်နေထိုင်သူများသည် ၁၉၉၆ ခုနှစ်က ရဲအတတ်သင်သိပ္ပံနှင့် ခြင်္သေ့မင်း ဆောက်လုပ်ရေးကုမ္ပဏီတို့ တာဝန်ယူဆောက်လုပ် ရောင်းချခဲ့ခြင်းဖြစ်ပြီး ကာလတန်ကြေး ကျပ်ခြောက်သိန်းဖြင့် ဝယ်ယူနေထိုင်ခဲ့သူများဖြစ်ကြောင်း နေထိုင်သူများဘက်မှ သိရသည်။

ရဲသိပ္ပံတိုက်တန်းတွင် တိုက်ခန်းပေါင်း ၃၀ ရှိပြီး နေထိုင်သူ အားလုံးသည် ၎င်းတို့အစီအစဉ်ဖြင့် ပြောင်းရွှေ့ဖယ်ရှားပေးရန်ညွှန်ကြားထားပြီးဖြစ်ကြောင်းလည်းသိရသည်။