မြန်မာအားကစားသမားများ အသုံးပြုရန် ဘောကန်ဖိနပ်များကို ၃ နှစ် ထောက်ပံ့သွားမည်

.

ဓာတ်ပုံ-သူရ/မဇ္ဈိမ

ရန်ကုန်၊ စက်တင်ဘာ ၇ ။        ။ Pan အမှတ်တံဆိပ်အားကစားဖိနပ်များကို ထုတ်လုပ်နေသော Sport ware ကုမ္ပဏီတစ်ခုဖြစ်သည့် Bangkok Athletic ကုမ္ပဏီမှ မြန်မာ့အားကစားသမားများ အသုံးပြုရန် ဖိနပ်နှင့် ဘောကန်ဖိနပ်များကို  ထောက်ပံ့ ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။

ထိုသို့ ပေးသွားရန်အတွက် ထိုင်းအခြေစိုက် Bangkok Athletic ကုမ္ပဏီမှ စက်တင်ဘာ လ ၇ ရက်နေ့က ရန်ကုန်မြို့၊ နိုဗိုတယ်ဟိုတယ်တွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်( MFF)နှင့် စာချုပ်ချုပ်ဆိုခဲ့ သည်။

မြန်မာ့လက်ရွေးစင်အမျိုးသားနှင့် အမျိုးသမီးဖူဆယ်အသင်းများ၊ မြန်မာ့ လက်ရွေးစင်အမျိုးသမီး ဘောလုံးအသင်း၊ MFF ဘောလုံးအကယ်ဒမီများကို ထောက်ပံ့ပေးအပ်ပေးသွားမည်ဟု သိရသည်။

"ကျွန်တော်တို့ လုံးဝမျှော်လင့်ထားပါတယ်။ ကျွန်တော်တို့ရဲ့အကူအညီနဲ့မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဟာ အာဆီယံမှာရော အာရှမှာပါအားအကောင်းဆုံးဖြစ်လာမှာပါ။ သိပ်မကြာတော့တဲ့ အနာဂတ်မှာပေါ့" ဟု Bangkok Athletic ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

စက်တင်ဘာ ၇ ရက် မှ ၂၀၂၁ ခုနှစ် စက်တင်ဘာ ၆ ရက် အထိ ၃ နှစ် စပွန်ဆာပေးသွားမည်ဖြစ်သော်လည်း ကစားသမားများအနေဖြင့် မဖြစ်မနေအသုံးပြုရန်မလိုအပ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏ အမှုဆောင်အရာရှိ ဦးဘုန်းနိုင်ဇော် က ပြောသည်။

 ထိုင်းနိုင်ငံအခြေစိုက်Pan အမှတ်တံဆိပ်အားကစားဖိနပ်များကို စပွန်ဆာပေးထားသော်လည်း မြန်မာ့လက်ရွေးစင် အမျိုးသားအသင်းအတွက် ကြိုက်နှစ်သက်ရာဖိနပ်အမျိုးအစား ဝတ်ဆင်ခွင့်ပေးထားသည်ဟု ဆိုသည်။

ယခင်ကလည်း နိုင်ငံ့လက်ရွေးစင်ဖူဆယ်ကလပ်များ နိုင်ငံတကာပွဲများတွင် အသုံးပြုနိုင်ရန် ဖူဆယ်ဖိနပ်နှင့် Running Shoes အရံ ၃၀၀ ကို Bangkok Athletic ကုမ္ပဏ်ီမှ ကူညီထောက်ပံ့ခဲ့သေးသည်။