မုံရွာမြို့တွင် နှလုံးသားထဲက ပုဂံအမည်ဖြင့် ဓာတ်ပုံပြပွဲ ကျင်းပ

.

မုံရွာ။ စက်တင်ဘာ ၇ ။            ။ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မြို့တော်ခန်းမတွင် စက်တင်ဘာလ(၇)ရက်နေ့ မနက်ပိုင်းက နှလုံးသားထဲက ပုဂံ ခေါင်းစဉ်ဖြင့် ဓာတ်ပုံပြပွဲကို ပထမဆုံးအကြိမ် ကျင်းပပြုလုပ်ခဲ့သည်။

မြန်မာနိုင်ငံ၏ ပထမနိုင်ငံတော်ဖြစ်သောပုဂံမြို့ကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရန် ကြိုးစားသည့်အနေဖြင့် ဓာတ်ပုံပြပွဲကို ကျင်းပခြင်းဖြစ်ပြီး ပြပွဲ၌ ပုဂံအငွေ့အသက်များပါဝင်သည့် နိုင်ငံအတွင်းရှိ ဓာတ်ပုံပညာရှင်၊ ဝါသနာရှင်များနှင့် မုံရွာမြို့မှ ဓာတ်ပုံဆရာ (၁၂၀)ကျော်၏ ဓာတ်ပုံပေါင်း (၂၀၀) ကိုကျော်ပြသထားကြောင်း သိရသည်။

"ဒီလိုပွဲတွေကို ပုဂံ၊ရန်ကုန်၊မန္တလေးမှာလည်း ကျင်းပခဲ့ပြီးပါပြီ။ ဒီပွဲမှာ ဓာတ်ပုံတွေကို ရောင်းပေးနေပါတယ်။ အဲ့ဒီရောင်းချလို့ရတဲ့ ငွေကြေးတွေက ပုဂံကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖို့ လုပ်ဆောင်တဲ့အခါမှာ ကုန်ကျမယ့် စရိတ်တွေအတွက် အသုံးပြုသွားမှာဖြစ်ပါတယ်။ အဲ့ဒါကြောင့် မုံရွာမြို့က ပုဂံကိုချစ်မြတ်နိုး တန်ဖိုးထားတဲ့ သူတွေ၊ ပိုက်ဆံတတ်နိုင်တဲ့သူတွေအနေနဲ့ ဓာတ်ပုံတွေကို ဝယ်ကြဖို့ ပြောချင်ပါတယ်"ဟု ပွဲစီစဉ်သူ ကိုပြည့်ဖြိုးမောင်မောင်က ဆိုသည်။

ဖွင့်ပွဲအခမ်းအနားတွင် ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန(ပုဂံ)မှတာဝန်ရှိသူများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့လူမှုရေးဝန်ကြီး၊ နှလုံးသားထဲကပုဂံအဖွဲ့၊မေတ္တာမိုး ပရဟိတအဖွဲ့၊ မြန်မာနိုင်ငံ အတွင်းရှိ ဓာတ်ပုံပညာရှင်၊ ဝါသနာရှင်များ၊ ဒေသခံပွဲဖြစ်မြောက်ရေးအဖွဲ့၊ မုံရွာဓာတ်ပုံအသင်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။

" မုံရွာမှာလုပ်တဲ့ ပွဲလေးမှာ တစ်ထောင့်တစ်နေရာက ပါဝင်ခွင့်ရတဲ့အတွက် ဝမ်းသာပါတယ်။ ဒီပွဲကရတဲ့ငွေက ပုဂံကို ယူနက်စကိုဝင်ဖို့ရာအတွက် အဇာဘိုင်ဂျန်မှာ သုံးမှာဖြစ်တဲ့အတွက် ကျွန်တော်ရိုက်ထားတဲ့ ပုံလေးတွေကို ကူညီအားဖြည့်တဲ့အနေနဲ့ လာရောက်ပြသပေးတာပါ " ဟု မုံရွာမြို့မှ ဓာတ်ပုံဆရာ ကိုစောဇာဟိန်းမှ ဆိုသည်။

ပြပွဲကို စက်တင်ဘာ (၇)ရက်နေ့မှ (၁၀)ရက်အထိ (၃)ရက်တာ ပြသွားမည်ဖြစ်ပြီး ဓာတ်ပုံတစ်ပုံလျှင် ငွေကျပ် တစ်သိန်းခွဲမှ ၇ သိန်းအထိ ဈေးနှုန်းများဖြင့် ရောင်းချကာ ပုဂံအငွေ့အသက်များ ပါဝင်သည့် အင်္ကျီ၊လွယ်အိတ် စသည့် အသုံးအဆောင်များကိုလည်း ရောင်းချပေးလျှက်ရှိကြောင်း သိရသည်။