ကမန်တိုင်းရင်းသားအဖြစ် မှတ်ပုံတင်ထုတ်ပေးနေမှုများ ကန့်ကွက်ခံရ

.

ရန်ကုန် ၊ စက်တင်ဘာ ၇ ။          ။ ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ၊ ကျောက်နီမော်ကျေးရွာတွင် အစ္စလာမ် ဘာသာဝင်များအား ကမန်တိုင်းရင်းသား များအဖြစ် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနေခြင်းကို ပြန်လည်စိစစ်ပေးရန် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ(ALD) က တောင်းဆိုထားသည်။

ကန့်ကွက်စာကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ စက်တင်ဘာ ၅ ရက်နေ့က ပေးပို့ အကြောင်း ကြားထားပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပြန်ခြင်းကို ဥပဒေနှင့်အညီ စိစစ် ဆောင်ရွက်ပေးစေ လိုသည်ဟု ရမ်းဗြဲမြို့နယ်မှ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD)  ပါတီ ဥက္ကဋ္ဌ ဦးမြင့်လွင်က မဇ္ဈိမသို့  အတည်ပြုပြောဆိုသည်။

“တိုင်းရင်းသားဖြစ်ခွင့်နဲ့ ပတ်သက်ပြီးတော့ ဘင်္ဂါလီတွေကို ကမန်ပါဆိုပြီးတော့ တိုင်းရင်းသားမျိုးနွယ်စုထဲ ထည့်ပြီး မှတ်ပုံတင်ထုတ်ပေးတာကို စနစ်တကျ တရားဥပဒေအရ စိစစ်ပြီးတော့ ဆောင်ရွက်ပေးဖို့ သဘောထားထုတ်ပြန်လိုက်တာဖြစ်ပါတယ်”ဟု ဦးမြင့်လွင်က ပြောသည်။

ပြီးခဲ့သည့် သြဂုတ်လကုန်ပိုင်းက ကျောက်နီမော်ကျေးရွာသို့ နေပြည်တော်လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ ရောက်ရှိလာပြီး ကမန်လူမျိုးမဟုတ်သည့် အစ္စလာမ် ဘာသာဝင် စုစုပေါင်း ၃၃၀၀ ကျော်ကို ကမန်တိုင်းရင်းသားများအဖြစ် နိုင်ငံသားစိစစ်ရေးကတ်များ ထုတ်ပေးခဲ့ခြင်းလည်း ဖြစ်သည်ဟု ၄င်း၏ ပြောဆိုချက်အရ သိရသည်။

ကျောက်နီမော်ကျေးရွာ၌ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ရရှိခဲ့သူများသည် ကမန်တိုင်းရင်းသားများမဟုတ်ဘဲ အခြား အစ္စလာမ်ဘာသာဝင်များဖြစ်သည်ဟု ကမန်အမျိုးသားတိုးတက်ရေးပါတီမှ အထွေထွေအတွင်းရေးမှူး ဦးတင်လှိုင်ဝင်းကလည်း မဇ္ဈိမသို့ အတည်ပြုပြောဆိုသည်။

“ကျွန်တော်တို့လိုချင်တာက ပွင့်လင်းမြင်သာမှုပေါ့ဗျာ။ အစဉ်အဆက် ကျွန်တော်တို့ တိုင်းရင်းသားမျိုးနွယ်ကို အလွဲသုံးစားလုပ်ခံရတာကြောင့် အခုလို ကန့်ကွက်ရတာဖြစ်ပါတယ်” ဟု ဦးတင်လှိုင်ဝင်းက ဆိုသည်။

ကမန်အမျိုးသားတိုးတက်ရေးပါတီအနေဖြင့် အဆိုပါ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပြန်ခြင်းကိစ္စကို ပြန်လည်စိစစ်ရန် နိုင်ငံတော်သမ္မတရုံးအပါအဝင် သက်ဆိုင်ရာဝန်ကြီးဌာနများသို့ စက်တင်ဘာ ၄ ရက်နေ့က ကန့်ကွက်စာပေးပို့ထားကြောင်း သိရသည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနက ပြောရေးဆိုခွင့်ရှိသူဖြစ်သော အမြဲတမ်း အတွင်းဝန် ဦးအေးလွင်ထံ ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိခဲ့ပေ။