ဂျပန် ငလျင်ကြောင့် သေဆုံးသူ ၁၆ ဦးထိ မြင့်တက်

.

စက်တင်ဘာ ၇ ။          ။ ဂျပန်နိုင်ငံ ဟော့ကိုင်းဒိုးကျွန်းမှာ စက်တင်ဘာ ၆ ရက်က ပြင်းအား ၆ ဒသမ ၆ အဆင့်ရှိ အားပြင်းငလျင်ကြီးတစ်ခု လှုပ်သွားပြီးနောက် ယခုအခါ သေဆုံးသူဦးရေဟာ ၁၆ ဦးအထိ ရှိလာခဲ့ပြီဖြစ်ကြောင်း ဂျပန်ဝန်ကြီးချုပ်က စက်တင်ဘာ ၇ ရက်မှာ အတည်ပြုသွားပါတယ်။

ငလျင်လှုပ်ပြီးနောက် ကျွန်းပေါ်မှာ လျှပ်စစ်မီးတွေ ပြတ်တောက်သွားခဲ့ပြီးနောက် ယခုအခါ ၄၀ ရာခိုင်နှုန်းခန့်ကို မူလအတိုင်း ပြန်ပေးထားနိုင်ခဲ့ပြီ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါပေမယ့်လည်း ကျွန်းပေါ်ရှိ ဒေသခံ ၅ ဒသမ ၃ သန်းအနက်က တစ်ဝက်ကျော်လောက်ကတော့ ယခုအချိန်ထိ လျှပ်စစ်မီးပြတ်တောက်မှုနဲ့ ဆက်လက်ကြုံတွေ့နေကြဆဲဖြစ်တယ်လို့ သိရပါတယ်။

" ခုအချိန်မှာတော့ ငလျင်ကြောင့် သေဆုံးသူ ၁၆ ဦး ရှိသွားပါပြီ၊ ဒဏ်ရာရတဲ့သူလည်း တော်တော်များပါတယ်၊ နောက်ပြီး ပျောက်နေတဲ့သူအရေအတွက်ကတော့ ၂၆ ယောက်ထိ ရှိနေပါသေးတယ်" ဆိုပြီး ၀န်ကြီးချုပ် ရှင်ဇိုအာဘေးက စက်တင်ဘာ ၇ ရက် အစိုးရအဖွဲ့ အရေးပေါ်အစည်းအဝေးတစ်ခုအပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။

ငလျင် လှုပ်သွားခဲ့တဲ့ ဧရိယာတွေမှာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို ကြိုးစားအားထုတ်နေလျက်ရှိကြောင်း၊ မိုးရွာသွန်းမှုတွေကြောင့် မြေပြိုမှုတွေလည်း ဖြစ်လာနိုင်သေးတဲ့အတွက် ဒေသခံပြည်သူတွေအနေနဲ့ အထူးသတိပြုနေကြဖို့ ၀န်ကြီးချုပ် အာဘေးက နှိုးဆော်သွားခဲ့ပါတယ်။

ယင်းနိုင်ငံမှာတော့ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ပြင်းထန်တဲ့ တိုင်ဖွန်းမုန်တိုင်းတစ်ခု ၀င်ရောက်တိုက်ခတ်မှုနဲ့ ရင်ဆိုင်ခဲ့ရပြီး ဆက်တိုက်ဆိုသလို ယခုလို အားပြင်း ငလျင်နဲ့ ထပ်မံကြုံတွေ့လိုက်ရတာဖြစ်ပါတယ်။