ကျောက်မီးသွေးတွင်း ပေါက်ကွဲမှုဖြစ်ပွားရာ ၃ ဦးသေဆုံး၊ ၅ ဦးပိတ်မိ

.

ဆော စက်တင်ဘာ ၆ ။                   ။ မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်၊ ကျောက်မြောင်းကျေးရွာနှင့်(၂)မိုင်ခန့်အကွာ ထွန်းရာဇ သတ္ထုတွင်းတူးဖော်ရေးကုမ္ပဏီလီမိတက်ပိုင် ကျောက်မီးသွေးတွင်းတွင် စက်တင်ဘာလ ၆ ရက်နေ့ နံနက်က ပေါက်ကွဲမှုဖြစ်ပွားရာ လူ ၃ ဦးသေဆုံးပြီး ၅ ဦး ပိတ်မိနေကြောင်း သိရသည်။

ဖြစ်စဉ်မှာ အလုပ်သမားခေါင်းဆောင် ကိုနိုင်ဦး ဦးဆောင်သည့် ၁၃ ဦးပါ အဖွဲ့သည် ယနေ့နံနက်က အလုပ် စတင်ဝင်ရောက်ရန် ကျောက်မီးသွေးတွင်း အတွင်းဝင်ရောက်ရာ ပေ ၃၀၀ ကျော် အရောက် နံနက် ၈ နာရီခွဲခန့်အချိန်၊ ကျောက်မီးသွေးတွင်း၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ဖြစ်လျှင်ဖြစ်ချင်း ဝင်ရောက်သူ ၁၃ ဦးအနက် ၇ ဦး ပြင်ပသို့ထွက်ခဲ့နိုင်ခဲ့ပြီး ၆ ဦး ပိတ်မိနေသေးကြောင်း အလုပ်သမားခေါင်းဆောင် ကိုနိုင်ဦး ပြောပြချက်အရ သိရသည်။

အဆိုပါပြင်ပသို့ထွက်ရှိလာသူ ၇ ဦးတွင်  ၂ ဦးမှာ ခန္ဓာကိုယ် တစ်ခုလုံး စုတ်ပြဲဒဏ်ရာရရှိခဲ့ပြီး ၁ ဦးမှာ ဦးခေါင်းမီးလောင်ဒဏ်ရာ ရရှိခဲ့သည်။

ဆောမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆာင်ရာ တစ်ကိုယ်လုံးစုတ်ပြတ်ဒဏ်ရာရရှိသူ ၂ ဦးမှာ လမ်းတွင် သေဆုံးပြီး ဦးခေါင်းမီးလောင်ဒဏ်ရာရရှိထားသူအား ဆေးရုံသို့ ပို့ဆောင်ထားကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ဇော်လင်းထံမှ သိရသည်။

ကျန်ရှိပိတ်မိနေသူ ၆ ဦးအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြဝင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ဇော်လင်းဦးဆောင်သောတပ်ဖွဲ့ဝင်များ ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့်အဆိုပါကျောက်မီးသွေးတွင်းမှ အလုပ်သမားများက ပြင်ပသို့ ကယ်ထုတ်နိုင်ရေးဆောင်ရွက်ခဲ့ရာ ညနေ ၃ နာရီ၄၅ မိနစ်အချိန်တွင် ပိတ်မိနေသူ ၆ ဦးအနက်မှ အသက် ၁၇ နှစ်ရှိ မောင်အောင်ဇင်ထွန်း အလောင်းအား ခန္ဓာကိုယ်တစ်ခုလုံး ထိခိုက်ဒဏ်ရာများဖြင့် ပြင်ပသို့ ထုတ်ယူနိုင်ခဲ့သည်။

အဆိုပါ ကျောက်မီးသွေးတွင်းသည် T ပုံစံရှိပြီး အရှေ့အနောက်အဖြောင့် ပေ ၃၀ဝ၊ တောင်ဘက်နှင့် မြောက်ဘက် အကွာဝေး ပေ ၄၀၀ စီဖြင့် စုစုပေါင်းပေ ၇၀၀ ရှိကြောင်း သိရသည်။

ယခု ပိတ်မိနေသော ၅ ဦးသည် ပေ ၄၀၀ ဘက်အခြမ်းတွင် ပိတ်မိနေခြင်း ဖြစ်ပြီး ၎င်းတို့ကိုကယ်ဆယ်ရေးဆောင်ရွက်ရာတွင် ပေ ၃၀၀ ကျော်သို့ရောက်ပါက ကယ်ဆယ်ရေးအဖွဲ့များ အောက်ဆီဂျင်ပြတ်ကာ အသက်ရှုကြပ်ကြောင်း ကယ်ဆယ်ရေးလုပ်သားများထံမှ သိရသည်။

လက်ရှိတွင် ပိတ်မိနေသူ ကျန်ရှိ ၅ ဦးအား ပြင်ပသို့ကယ်ထုတ်နိုင်ရေး အား ယနေ့ညပိုင်းအထိ ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်းသိရသည်။

ကုမ္ပဏီဘက်ကမူ ကုမ္ပဏီမန်နေဂျာ ခရီးလွန်နေသောကြောင့် ယနေ့ ညနေပိုင်းမှသာ ရောက်ရှိလာပြီး အသေးစိတ်ကို လတ်တလောမသိရသေးပေ။