မြိတ်ဒေသငါးသေတ္တာစက်ရုံမှ တစ်လလျှင် ကွန်တိန်နာ အလုံး ၃၀ ခန့် ရန်ကုန်ဈေးကွက်သို့ တင်ပို့မည်

.

မြိတ်၊ စက်တင်ဘာ ၆ ။         ။ မြိတ်ဒေသ ငါးသေတ္တာစက်ရုံမှ ငါးရရှိမှုပေါ် မူတည်ပြီး တစ်လလျှင် ကုန်ချောငါးသေတ္တာ ကွန်တိန်နာ အလုံး ၃၀ ခန့် ရန်ကုန်ဈေးကွက်သို့ တင်ပို့သွားမည်ဟု သိရသည်။

လက်ရှိတွင် ကျောက်ဖျာ မြို့သစ်စီမံကိန်းစက်မှုဇုန်ရှိ Myanmar Makro Industry Co.,LTDမှ  မြိတ်ဒေသ ထွက် ရေလုပ်ငန်းမှ ငါးများ ၀ယ်၍ အလုပ်သမား ၂၀၀ နီးပါးဖြင့် လည်ပတ်လုပ်ကိုင်တင်ပို့နေခြင်း ဖြစ်သည်။

အဆိုပါလုပ်ငန်းမှ တစ်လလျှင် ငါးသေတ္တာ ကီလို ၁ သိန်းကျော် ထုတ်လုပ်ကာ၊ လာမည့်နှစ်တွင် လုပ်ငန်းတိုးချဲ့ပြီး  တစ်လလျှင် ကီလို ၃ သိန်းအထိ ထုတ်လုပ်သွားမည်ဟု စက်ရုံဒုတိယမန်နေဂျာက ပြောသည်။

“ပျမ်းမျှတော့ ကျွန်တော်တို့ ကုန်ချိန် တစ်သိန်း ထွက်ပါတယ်၊ အခုဆိုလျှင် ငါးဖမ်းရာသီ ပြန်စနေတော့ ဒီထက်ပိုပြီး ထုတ်လုပ်သွားဖို့ ရှိပါတယ်၊ ငါးရတဲ့အပေါ်မှာ မူတည်ပြီးတော့ တစ်လကို ကွန်တိန်နာ အလုံး ၃၀ လောက် ထပ်ပြီး တင်ပို့နိုင်အောင် လုပ်ထားပါတယ်”ဟု ဒုတိယမန်နေဂျာ ဦးစိုးမိုးကျော်(Myanmar Makro Industry Co.,LTD )က ပြောသည်။

“ကျွန်တော်တို့ ဒီစက်ရုံက နေပြီးတော့ ရန်ကုန်စက်ရုံကို ပို့တဲ့အခါမှာတော့ ဒီလမ်းခရီးမှာ ကျွန်တော်တို့က ဘယ်လိုခေါ်မလဲ ။ နိုင်ငံခြားက သွင်းကုန်တွေနဲ့ အချို့ရောထွေပြီးတော့ မှားယွှင်းတာတွေ ရှိပါတယ်၊ အထူးသဖြင့်တော့ မသိကြတာက အချို့ ဌာနဆိုင်ရာတွေ တချို့ မြို့နယ်တွေမှာ ဒီလိုမျိုး မြိတ်မှာ ငါးသေတ္တာစက်ရုံ ရှိတယ်ဆိုတာ မသိကြတာပါ၊ အဲ့ဒီ ရှိနေတဲ့ဒေသမှာ ဒီသွင်းကုန်အစားထိုးစက်ရုံ တစ်ခုသည်၊ ကြီးကြီးမားမား အနေနဲ့ ရပ်တည်နေနိုင်တယ်ဆိုတာ သိစေချင်ပါတယ်”ဟု  ဦးစိုးမိုးကျော်က ဆိုသည်။

မြိတ်ငါးသေတ္တာစက်ရုံမှ ထုတ်လုပ်သည့် ငါးအမျိုးအစားများမှာ ပလာတူး၊ ငါးချဉ်ပေါင်းနှင့် ဘောင်းကျေးငါး တို့ ဖြစ်ပြီး A1 ၊ Ready ငါးသေတ္တာများ ဖြစ်သည်။ အဆိုပါငါးသေတ္တာကို အဓိက ရန်ကုန်ဈေးကွက်သို့ ထုတ်လုပ်တင်ပို့ကာ မြန်မာတစ်နိုင်ငံလုံးသို့ ပြန်လည် ဖြန့်ချိကြောင်း သိရသည်။