ဝဿန်ရုပ်ရှင်ပွဲတော် ဒုတိယနေ့ဆက်လက်ကျင်းပ

.

ရန်ကုန်၊ စက်တင်ဘာ ၆ ။           ။ မြန်မာနိုင်ငံတွင် ၈ ကြိမ်မြောက်ပြုလုပ်သည့် ၀ဿန်ရုပ်ရှင်ပွဲတော် ဒုတိယနေ့ကို ရန်ကုန်မြို့ ၀ဇီရာရုပ်ရှင်ရုံနှင့် Goethe Institut တို့တွင် ပြသလျှက်ရှိသည်။

၎င်းရုပ်ရှင်ပွဲတော်တွင် ပြိုင်ပွဲဝင်ဇာတ်ကား ၁၁ ကားနှင့် ဇာတ်လမ်းတို၊ ဇာတ်လမ်းရှည်များအပါအ၀င် ရုပ်ရှင် ဇာတ်ကားပေါင်း ၁၈ ကားကိုပြသသွားမည်ဟု သိရသည်။ ပြိုင်ပွဲဝင်ဇာတ်ကား ၁၁ ကားမှ အကောင်းဆုံး ဇာတ်လမ်းရုပ်ရှင်ဆု၊ မှတ်တမ်းရုပ်ရှင်ဆု၊ အမြင်သစ်ဆုတို့ကိုရွေးချယ်ကာ ဆုငွေ ကျပ် ၅ သိန်းနှင့် ဆုတံဆိပ် တို့ကို ပေးအပ်သွားမည်ဖြစ်သည်။

"ဒီလိုရုပ်ရှင်ပွဲတော်တွေမှာက မင်းသားမင်းသမီးတွေ နာမည်ကြီးတွေတွေ့ရမှာမဟုတ်ပါဘူး။ ဒါပေမယ့် Film Festival တွေမှာပြသတဲ့ ကားတော်တော်များများက ပြည်သူတွေထဲက ပြည်သူတွေအကြောင်းပဲဖြစ်ပါတယ်။ ဆိုတော့ဘယ်လိုပြောမလဲဆိုတော့ ကျွန်မကိုယ်တိုင်ကရော ပြည်သူတွေထဲက ပြည်သူတွေ ဘ၀ကိုပြသရတာ ဖြစ်တဲ့အတွက် အင်မတန်မှစိတ်လှုပ်ရှားပါတယ်။ ပြီးတော့ကိုယ်တစ်ကားပြပြီးတိုင်း ပြပြီးတိုင်း ပရိသတ်နဲ့ ထိတွေ့ဆက်ဆံရတဲ့အတွက် အရမ်းစိတ်လှုပ်ရှားပါတယ်" ဟု ၀ဿန်ရုပ်ရှင်ပွဲတော်တွင် Dreams on the Road အမည်ရ ဇာတ်ကားဖြင့်ပါဝင်ယှဉ်ပြိုင်ထားသည့် ဒါရိုက်တာ စိုးစံထိုက် က ပြောသည်။

ဝဿန်ရုပ်ရှင်ပွဲတော်ကို ယခင်နှစ်များတွင် နိုင်ငံတကာမှအကူအညီယူကာ ပြသခဲ့ပြီး ယခုနှစ်တွင် ကိုယ်ပိုင် ရန်ပုံငွေဖြင့် ပြသနေခြင်းဖြစ်သည်။ ထို့အပြင် ရန်ပုံငွေရရှိနိုင်ရန်အတွက် ၀င်ကြေးအဖြစ် ၅၀၀ ကျပ် ကောက်ခံ သွားမည်ဖြစ်သည်။ သို့သော်လည်း ယခုနှစ်တွင် ယခင်နှစ်များအတိုင်း ဆင်ဆာစနစ်များရှိနေသေးကြောင်း သိရသည်။

ပါဝင်ယှဉ်ပြိုင်ပြသနေသည့် ဇာတ်ကားများမှ ဒါရိုက်တာ ဇော်ဘိုဘိုဟိန်းနှင့် ဒါရိုက်တာမောင်ဘုန်း ရိုက်ကူး ထားသည့် Whispers of Silence တွင် ဆဲဆိုသည့်စကားလုံး၊ မိန်းကလေးဝိုင်သောက်သည့်ပြကွက်နှင့် ပရိတ် ရေဗူးကို လွင့်ပစ်လိုက်သည့် ပြကွက်များကို ဆင်ဆာသတ်မှတ်ခံခဲ့ရသည်ဟု ဒါရိုက်တာ မောင်ဘုန်း က ပြောပြ သည်။ သို့သော်လည်း ထိုကိစ္စရပ်ကို ဆင်ဆာအဖွဲ့သို့စာတင်ကာညှိနှိုင်းခဲ့သဖြင့် ပရိတ်ရေဗူးလွင့်ပစ်သည့် အခန်းကို ပြသခွင့်ပေးခဲ့သည်ဟု ဆိုသည်။

"ကျွန်တော်ကတော့ဆင်ဆာသတ်မှတ်ထားတာကို ပွင့်ပွင့်လင်းပြောရရင်မုန်းတယ်။ မကြိုက်ဘူးပေါ့။ ကျွန်တော်တို့က တစ်ခုခုလုပ်ခါနီး ဒီလိုလွတ်ပါ့မလား လွတ်ပါ့မလားကိုပဲ လိုက်တွေးနေရတာ ရှင်းရှင်း ပြောရင်မလွတ်လပ်ဘူးလေ သိတယ်မလား။ တစ်ခုခုဇာတ်ညွှန်းရေးကတည်းက ဒီဟာကလာပြီး ကျွန်တော် တို့ကိုပိတ်မိနေတာ။ အဲဒီလိုဖြစ်နေတာ ကျွန်တော်ကတော့မုန်းတယ်" ဟု Whispers of Silence နှင့် VOID တို့၏ ဒါရိုက်တာ မောင်ဘုန်း က ပြောသည်။

ဝဿန်ရုပ်ရှင်ပွဲတော်ကျင်းပနေသည့် ၀ဇီရာရုပ်ရှင်ရုံတွင် လူငယ်များလာရောက်ကြည့်ရှု့ခဲ့ပြီး အနုပညာ ဖန်တီးခြင်းများကို လေ့လာနိုင်ရန် လာရောက်ကြည့်ရှု့ရခြင်းဖြစ်သည်ဟု ကိုကောင်းမြတ်ထွန်း က ပြောသည်။ ထို့အပြင် အနုပညာဖန်တီးမှုများမှ တိုင်းပြည်အတွက် ထွန်းလင်းတောက်ပစေရန် ပြောင်းလဲပေးနိုင်မည် ဖြစ်သည်ဟု ကိုကောင်းမြတ်ထွန်းက ယုံကြည်ထားသည်။

"ဒီလိုပွဲတော်ကြီးကနေ ဘာတွေအကျိုးသက်ရောက်မှုရှိနိုင်လဲဆိုတော့ ညီမတို့အတွက် Own Creation ပေါ့။ ပုံမှန်ထက်မတူတဲ့ အိုင်ဒီယာအသစ်အဆန်းတွေလည်း ပေးစွမ်းနိုင်လိမ့်မယ်လို့ထင်တယ်" ဟု ရုပ်ရှင်ပွဲတော်သို့ လာရောက်ကြည့်ရှုသည့် မမြတ်ဆုပိုင် က ဆိုသည်။

ဝဿန်ရုပ်ရှင်ပွဲတော်ကို ၂၀၁၁ ခုနှစ်မှစ၍ မြန်မာနိုင်ငံတွင် ပြုလုပ်လာခဲ့ပြီး ယခုနှစ်တွင် ပြိုင်ပွဲဝင်ဇာတ်ကားများ၊ Refelction of society ခေါင်းစဉ်ဖြင့်ရုပ်ရှင်ဇာတ်ကားများ၊ Opening Film များကို ပြသလျှက်ရှိသည်။