အောင်လံသကြားစက်ရုံ တည်ဆောက်မှုအတွက် မြေယာလျော်ကြေးမရပါက တောင်သူများ ဆန္ဒပြမည်

.

ရန်ကုန် ၊ စက်တင်ဘာ ။        ။ မကွေးတိုင်းဒေသကြီး အောင်လံမြို့နယ်၊ အမှတ် ၆ ဒုရင်္ဂဗိုလ် သကြားစက်ရုံတည်ဆောက်စဉ်က အသိမ်းဆည်းခံခဲ့ရသော လယ်ယာမြေများအတွက် လျော်ကြေးမရပါက အသိမ်းဆည်းခံတောင်သူများ စုပေါင်း၍ တရားဝင်ဆန္ဒထုတ်ဖော်သွားမည်ဖြစ်ကြောင်း သိရသည်။

၁၉၉၀ ခုနှစ်က အဆိုပါသကြားစက်ရုံတည်ဆောက်ရန်အတွက် အောင်လံမြို့နယ်၊ ပျဉ်းပင်လှကျေးရွာမှ တောင်သူ ၂၂ ဦး၏ လယ်မြေ ၅၇ ဧကနှင့် ၁၉၉၇ ခုနှစ်တွင် တောင်သူ ၁၀ ဦး၏ လယ်မြေ (၂၄.၂၀) ဧကကို သိမ်းဆည်းခံခဲ့ရခြင်းဖြစ်သည်။ အသိမ်းဆည်းခံရစဉ်က သီးနှံနစ်နာကြေးအဖြစ် တောင်သူတစ်ဦးလျှင် ၁ ဧကကျပ်ငွေ ငါးသောင်းနှုန်းဖြင့် လျော်ကြေးပေးခဲ့ခြင်းသာရှိသည့်အတွက် ပြီးခဲ့သည့် အစိုးရလက်ထက် ကတည်းက စတင်၍ မြေယာလျော်ကြေးပေးရန် သက်ဆိုင်ရာသို့ အဆင့်ဆင့်တင်ပြတောင်းဆိုခဲ့ကြသည်။

ပြီးခဲ့သည့် ဇွန်လ ၂၁ ရက်နေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးက စက်ရုံအမည်ပေါက် မြေလွှဲခွင့်ပေးရန် သကြားစက်ရုံဘက်မှ လျှောက်ထားသည်ကို ကန့်ကွက်လွှာတင်သွင်းနိုင်ကြောင်း ကြေငြာခဲ့သည့်အတွက် အသိမ်းဆည်းခံတောင်သူများက ကန့်ကွက်လွှာတင်ထားကြောင်း သိရသည်။

"သူတို့က လယ်ယာမြေမှ အခြားမြေသုံးစွဲခွင့်လျှောက်တယ်ဆိုတာကို ကျွန်တော်တို့ဆီမှာ လာစာကပ်တယ်။ သူ တို့က ကန့်ကွက်နိုင်တယ်ဆိုလို့ ကျွန်တော်တို့ သွားကန့်ကွက်တယ်။ ကျွန်တော်တို့ဘက်က ကန့်ကွက်တယ် ဆို တာတောင်မှ သူတို့ဘက်က ဆက်လုပ်နေတာပဲ။" ဟု အသိမ်းဆည်းခံတောင်သူ ဦးသန်းဝင်းက မဇ္ဈိမ သို့ ပြော သည်။

အသိမ်းဆည်းခံမြေယာကိစ္စနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အပါအ၀င် သက်ဆိုင်ရာဌာနများသို့ တင်ပြတိုင်ကြားထားသော်လည်း စစ်ဆေးဆောင်ရွက်မှုများအပေါ် အသိမ်းဆည်း ခံတောင်သူများက ကျေနပ်အားရခြင်းများမရှိဟု သိရသည်။

" တိုင်တန်းမှုရှိနေရင် ကုစားဆောင်ရွက်ပေးရမှာ အစိုးရရဲ့တာဝန်ပဲ။ နောက်တစ်ခုက ကျွန်တော်တို့နိုင်ငံမှာ အသိမ်းဆည်းခံလယ်ယာမြေနဲ့ပတ်သက်ပြီး မူဝါဒ ၅၂ ချက်ထွက်ထားတာရှိတယ်။ ပထမဆုံးထွက်တဲ့မူဝါဒ ၁၀ ချက်ထဲမှာဆိုရင် မူဝါဒအမှတ်စဉ် ၁၀ မှာ ပါပြီးသားပါ။ နိုင်ငံတော်အတွက်ပဲဖြစ်ဖြစ် နိုင်ငံတော်ကနေ ပုဂ္ဂလိက ကို ပြန်ပြောင်းတာပဲဖြစ်ဖြစ် သီးနှံလျော်ကြေး၊ နစ်နာကြေးက ဥပဒေအရပေးဆောင်ခဲ့တာမဟုတ်ဘူးဆိုရင် ပြန်လည်ပေးဆောင်ရမယ်ဆိုတာ။ အဲဒီတော့ ဒီတိုင်ကြားစာတွေရှိနေရဲ့သားနဲ့ ဒီတိုင်တန်းမှုယန္တယားကို ကုစားဆောင်ရွက်မှုမရှိတာ မှန်တယ်ဆိုရင်တော့ ဒါဟာ မူဝါဒကိုလွန်ဆန်နေတာနဲ့အတူတူပဲပေါ့" ဟု မြန်မာ နိုင်ငံတောင်သူလယ်သမား စိုက်ပျိုးရေးနှင့်စားသောက်ကုန်ထုတ်လုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများ အဖွဲ့ ချုပ် မကွေးတိုင်းအတွင်းရေးမှူး ဦးကျော်ခိုင်လင်းက ပြောသည်။

အောင်လံမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအနေဖြင့် ယင်းကိစ္စကို လယ်ယာမြေဥပဒေနှင့်အညီ ဆောင် ရွက်နေသည်ဟု အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယ ဦးစီးမှူး ဦးဝင်းဌေးက မဇ္ဈိမသို့ပြောသည်။

" ကျွန်တော်တို့ကတော့ စက်ရုံဘက်က တင်ပြလာတာတွေ၊ တောင်သူတွေဘက်က တင်ပြလာတာတွေကို လက်ခံပြီး ဥပဒေနဲ့အညီဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ မြေယာလျော်ကြေးကိစ္စကတော့ ပြောဖို့စောပါသေး တယ်။ တောင်သူတွေ တကယ်မရသေးဘူးဆိုရင်တော့ ရမှာပေါ့။" ဟု အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယ ဦးစီးမှူး ဦးဝင်းဌေးက ပြောသည်။
 

အဆိုပါလယ်ယာမြေများကို ၁၉၉၀ ခုနှစ်တွင် စိုက်ပျိုးရေးသုတေသနက ခြံတည်ဆောက်ရန်သိမ်းဆည်းခဲ့ပြီး ၁၉၉၅ ခုနှစ်တွင် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက  မြန်မာ့ကြံလုပ်ငန်းသို့လည်းကောင်း၊ ၂၀၀၆ ခုနှစ်တွင် မြန်မာ့ကြံလုပ်ငန်းမှ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းသို့လည်းကောင်း လွှဲပြောင်းခဲ့ကြောင်း သိရသည်။