စမ်းသပ်နည်းသစ်တစ်ရပ်က မည်သည့်အချိန်တွင်သေမည်ကိုပင် အတိအကျဟောကိန်းထုတ်နိုင်ဟု ဆို

စမ်းသပ်နည်းသစ်တစ်ရပ်က မည်သည့်အချိန်တွင်သေမည်ကိုပင် အတိအကျဟောကိန်းထုတ်နိုင်ဟု ဆို

လန်ဒန်၊ စက်တင်ဘာ-၇ ။           ။ သင်၏ ခန္ဓာကိုယ် ဘယ်ပုံ ကောင်းမွန်စွာ (သို့မဟုတ်) ဆိုးရွားစွာ အိုမင်းနေသည်ကို စမ်းသပ်သည့် နည်းလမ်းတစ်ရပ်ကို တီထွင်ခဲ့ကြသည်ဟု သိပ္ပံပညာရှင်များ ကပြောကြားခဲ့ကြသည်။

ထိုစမ်းသပ်နည်းက လူတစ်ယောက် သေမည့်အချိန်ကိုပင် ဟောကိန်းထုတ်နိုင်ပြီး၊ စိတ်ဖောက်ပြန်နိုင်ခြေများသူများကိုပါ ခွဲခြားဖော်ထုတ်နိုင်သောကြောင့် ဆေးဝါး၊ ပင်စင်နှင့် အာမခံများကိုပင်လျှင် ရိုက်ခတ်သက်ရောက်မှုရှိနိုင်သည်ဟု ဆိုသည်။

လန်ဒန် ကင်းကောလိပ်မှ သုတေသနအဖွဲ့က မွေးသက္ကရာဇ်ကို အသုံးပြုသည်ထက် ဇီဝဗေဒအသက်ကို စစ်ဆေးခြင်းက ပို၍ အသုံးဝင်သည်ဟု ဆိုသည်။ သို့ရာတွင် ဤသုတေသနက ဇရာကို မည်သို့နှေးကွေးအောင်ပြုလုပ်မည်ဟူသည်နှင့် ပတ်သက်၍မူ အရိပ်အမြွတ်မျှပင် ပြောကြားထားခြင်းမရှိပေ။

ဤစမ်းသပ်မှုက မျိုးဗီဇ ၁၅၀၏ အပြုအမူစရိုက်များကို နှိုင်းယှဉ်ခြင်းဖြင့် ခန္ဓာကိုယ်ဆဲလ်များအတွင်းရှိ အိုမင်းခြင်းလက္ခဏာများကို ရှာဖွေခြင်းပင်ဖြစ်သည်ဟု ဆိုသည်။

ကနဦးအနေဖြင့် ကျန်းမာသော်လည်း အလှုပ်အရှားနည်းသော အသက်၂၅နှစ်နှင့် ၆၅နှစ်အရွယ်များတွင်ရှိ မျိုးဗီဇ ၅၄၀၀၀ကို နှိုင်းယှဉ်ပြီး နောက်ဆုံး ၁၅၀သို့ လျှော့ချပစ်လိုက်သည်။

''တစ်ရှူးအားလုံးနဲ့ သက်ဆိုင်တဲ့ ကျန်းမာတဲ့ အိုမင်းခြင်းလက္ခဏာတစ်ခုရှိတယ်။ အသက်ရှည်ခြင်းနဲ့ မှတ်ဉာဏ်ချွတ်ယွင်းခြင်းအပါအဝင် အရာအတော်များများရဲ့ နိမိတ်လက္ခဏာသဘောဆောင်တယ်''ဟု ကင်းကောလိပ်မှ သုတေသနမှူး ပါမောက္ခ ဂျမီ တင်မွန်စ်က ပြောကြားခဲ့သည်။

''အသက်၄၀ကစလို့ လူတစ်ယောက်ဟာ ကောင်းကောင်းမွန်မွန်အိုမင်းသွားဖို့ ဒီနည်းကိုသုံးပြီး လမ်းညွှန်နိုင်တယ်''ဟုလည်း ၎င်းကထပ်လောင်းပြောကြားခဲ့သည်။

ကျန်းမာရေးနှင့် အသက်မှာ သီးခြားဖြစ်တည်မှုနှစ်ခုဖြစ်သည်ဟုလည်း သုတေသနအဖွဲ့က ပြောကြားသည်။ ခန္ဓာကိုယ်အိုမင်းမှု အမြန်နှုန်းကို သိသိသာသာထိခိုက်ပုံမရသော်လည်း ဆိုဖာပေါ်တွင် တစ်နေကုန်ခြင်းလို ဘဝနေထိုင်မှုပုံစံများကလည်း ကျန်းမာရေးအတွက် ဆိုးရွားနိုင်သည်ဟု ဆိုသည်။

ဘဝဟန်ပန်အကြောင်းချက်များနှင့် ဇီဝဗေဒအသက်တို့ ပေါင်းစပ်မှသာလျှင် ကျန်းမာရေး၏ မှန်ကန်တိကျသောပုံရိပ်ကို ရရှိလိမ့်မည်ဟု သုတေသနအဖွဲ့က ယုံကြည်ထားသည်။  

ဆွီဒင်နိုင်ငံမှ အသက်၇၀အရွယ် အမျိုးသားအုပ်စုတစ်စုကို သုတေသီများက နမူနာအနေဖြင့် စမ်းသပ်ခဲ့ကြသည်။

မည်သူက ကောင်းမွန်စွာ အိုမင်းနေသည်၊ မည်သူက အလွန်လျင်မြန်စွာအိုမင်းနေသည်ကို တွက်ထုတ်မှုမှတစ်ဆင့် နောက်တစ်နှစ် နှစ်နှစ်အတွင်း မည်သူ အရင်သေမည် ကိုလည်း ဟောကိန်းထုတ်နိုင် လာကြသည်။

''သေဖို့ အခွင့်အလမ်း လုံးဝမရှိသေးသူ၊ ၄၅ရာခိုင်နှုန်းနီးပါး သေဖို့ သေချာနေတဲ့သူကို ခွဲခြားနိုင်လာမယ်''ဟု ပါမောက္ခတင်မွန်က ဘီဘီစီကို ပြောကြားခဲ့သည်။

နှစ်ကာလအသက်အရွယ်အရ အိုမင်းနေသော်လည်း ဇီဝဗေဒအသက်အရွယ်အရ နုပျိုနေသေးပါက ကိုယ်အင်္ဂါအစိတ်အပိုင်းများ လုံခြုံဘေးကင်းစွာ လှူဒါန်းနိုင်သေးသလားဆိုသည်ကို စူးစမ်းရန်အတွက် ဗြိတိန်တွင် ကနဦးစမ်းသပ်မှုတစ်ခုကို စီစဉ်နေသည်။

အလျင်အမြန်ကြီး အိုမင်းနေသူများကို ငယ်နုစဉ်ကပင် စောင့်ကြည့်ရန်လိုအပ်သောကြောင့် ဤသုတေသနက ကင်ဆာထောက်လှမ်းစနစ်ကိုပါ ပြောင်းလဲစေမည်ဖြစ်သည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly