တောင်နှင့် မြောက် ကိုရီးယား ခေါင်းဆောင်နှစ်ဦး ယခုလထဲ ပြုံယမ်းမှာ တွေ့ဆုံကြမည်

.

စက်တင်ဘာ ၆ ။            ။ ယခု စက်တင်ဘာလထဲ ပြုံယမ်းမှာ ကျင်းပမယ့် ထိပ်သီးအစည်းအဝေးတစ်ခုမှာ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်း နဲ့ တောင်ကိုရီးယားသမ္မတ မွန်းဂျေအင်းတို့ တွေ့ဆုံကြဦးမှာဖြစ်ကြောင်း ဆိုးလ်ဘက်က အတည်ပြုပြောသွားပါတယ်။

စက်တင်ဘာ ၁၈ ရက်ကနေ ၂၀ အထိ ကျင်းပမယ့် ထိပ်သီးအစည်းအဝေးမှာ ခေါင်းဆောင်ကြီးနှစ်ဦး တွေ့ဆုံပြီး နျူကလီးယား လက်နက်ဖျက်သိမ်းရေး ကိစ္စ အဓိက ဆွေးနွေးသွားမယ်လို့ သိရပါတယ်။

ယင်း တွေ့ဆုံမှုကတော့ ကိုရီးယားခေါင်းဆောင်နှစ်ဦးအကြား ယခုနှစ်ထဲ တတိယအကြိမ်မြောက် တွေ့ဆုံမှုလည်း ဖြစ်လာဖို့ ရှိနေပါတယ်။

ဒါဟာ တောင်ကိုရီးယားသမ္မတရဲ့ အထူးကိုယ်စားလှယ် ချောင် အူယောင် စက်တင်ဘာ ၅ ရက်က ပြုံယမ်းကို သွားရောက်ပြီး မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်နဲ့ တွေ့ဆုံခဲ့ပြီးနောက် ထိပ်သီးအစည်းအဝေးကျင်းပမယ့် ရက်ကို အတည်ပြုနိုင်ခဲ့ခြင်း ဖြစ်တယ်လို့ သိရပါတယ်။

အထူးကိုယ်စားလှယ် ချောင် အူယောင်ကတော့ တောင်ကိုရီးယားသမ္မတ မွန်း ပေးလိုက်တဲ့ စာတစ်စောင်ကို မြောက်ကိုရီးယားခေါင်းဆောင်ကို ယူသွားပေးခဲ့ကြောင်းလည်း သိရပါတယ်။

ယင်းသို့ တောင်ကိုရီးယားသမ္မတရဲ့ အထူးကိုယ်စားလှယ်နဲ့ တွေ့ဆုံစဉ်အတွင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ကလည်း ကိုရီးယားကျွန်းဆွယ် နျူကလီးယားကင်းစင်ရေးလုပ်ဆောင်သွားမယ်လို့ ထပ်မံကတိပြုသွားကြောင်း သိရပါတယ်။