ရာမို့စ်၊ စီရော်နယ်လ်ဒိုနဲ့ ဘန်ဇီမာတို့ကို ချီးကျူးပြောဆိုမှု ပြုလုပ်သွားတဲ့ ရီးယဲလ်နည်းပြဟောင်း ဇီဒန်း

.

(ဓာတ်ပုံ - အီးပီအေ)

ရီးယဲလ်မက်ဒရစ် နည်းပြဟောင်း ဇီဒန်းက အဖြူရောင်အသင်းခေါင်းဆောင် ရာမို့စ်၊ စပိန်ကလပ်အသင်းကနေ ဂျူဗင်တပ်စ်အသင်းဆီ မကြာသေးခင်က ပြောင်းရွှေ့ခဲ့သူ ပေါ်တူဂီစူပါစတား စီရော်နယ်လ်ဒိုနဲ့ ပြင်သစ်တိုက်စစ်မှူး ဘန်ဇီမာတို့ကို ချီးကျူးစကား ပြောဆိုမှု ပြုလုပ်သွားခဲ့ပါတယ်။

ယူအီးအက်ဖ်အေနဲ့ အင်တာဗျူးတစ်ခုမှာ ဇီဒန်းက ကြယ်ပွင့်ကစားသမား နှစ်ဦးဟာ သူနည်းပြခဲ့ချိန်က ရီးယဲလ်အသင်း ချန်ပီယံလိဂ်ဆုဖလား ၃ကြိမ်ဆက် ရရှိအောင် ကူညီခဲ့ကြရာမှာ အဓိက ကဏ္ဍမှာ ပါဝင်ကစားခဲ့ပါတယ်လို့ ပြောပါတယ်။

“ဆာဂျီယို ရာမို့စ်က သဘာဝဆန်တဲ့ ခေါင်းဆောင်တစ်ဦးဖြစ်ပြီး အသင်းရဲ့ အဝတ်လဲခန်းထဲမှာ အသင်းသားတွေကို ဦးဆောင်နိုင်တဲ့သူမျိုးပါ။ ခရစ္စတီယာနို ရော်နယ်လ်ဒိုကတော့ ကွင်းအတွင်းမှာ အသင်းဖော်တွေကို စိတ်ဓာတ်တက်ကြွလာအောင် ဦးဆောင်နိုင်တဲ့သူပါ။”လို့ နည်းပြ ဇီဒန်းက ပြောပါတယ်။

“သူတို့ နှစ်ဦးလုံးက စွမ်းအင်တွေ အများကြီးရှိကြပြီး အသင်းပေါ် လွှမ်းမိုးမှုရှိကြတဲ့ ကစားသမားတွေပါ။ ဒီကစားသမားနှစ်ဦးဟာ လိုအပ်တဲ့ အစိတ်အပိုင်းတွေကို ကောင်းကောင်းဖြည့်တင်းပေးနိုင်ကြသူတွေပါ။”လို့ ဇီဒန်းက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

ပြင်သစ်ကစားသမားဟောင်း ဇီဒန်းက တိုက်စစ်မှူး ဘန်ဇီမာဟာ အသင်းရဲ့ တိုက်စစ်ပိုင်းအတွက် ဟန်ချက်ကို ထိန်းထားပေးနိုင်တာကြောင့် ရီးယဲလ်အသင်းအတွက် အရေးပါတဲ့ ကစားသမားဖြစ်ခဲ့ပါတယ်လို့ ဆိုပါတယ်။

“သူဟာ စစ်မှန်တဲ့ ကစားသမားတစ်ဦးဖြစ်ကြောင်း သူ့ကိုယ်သူ သက်သေပြနိုင်ခဲ့ပါတယ်။”လို့ ဇီဒန်းက ဘန်ဇီမာ အကြောင်းကို ပြောသွားပါတယ်။

ချန်ပီယံလိဂ်ဖလား ၃ ကြိမ်ဆက် ဆွတ်ခူးနိုင်တာဟာ ဘာကြောင့်လဲဆိုတော့ မီလန် (၂၀၁၆)၊ ကာဒစ်ဖ် (၂၀၁၇)နဲ့ ကိယက်ဖ် (၂၀၁၈) ဗိုလ်လုပွဲကစားခဲ့တဲ့ အသင်းလူစာရင်းဟာ တူညီနေလို့ပဲဖြစ်တယ်လို့ ဇီဒန်းက အလေးပေးပြောဆိုခဲ့ပါတယ်။

ဇီဒန်းက ချန်ပီယံလိဂ် ၃ ကြိမ်ဆွတ်ခူးမှုနဲ့ပတ်သက်လို့ ဆွေးနွေးရာမှာ “ပထမဆုံး ချန်ပီယံလိဂ်ဆုဖလားက ကျနော့်နည်းပြဘဝ ပထမဆုံးရာသီအတွက် တစ်ကယ့်ကို အထောက်အပံ့ဖြစ်ခဲ့ပါတယ်။ ဒုတိယတစ်ခုက အမှတ်သင်္ကေတ တစ်ခုနဲ့ ထူးကဲလှတဲ့ အရာတစ်ခုဖြစ်ခဲ့ရပြီး တတိယတစ်ခုကတော့ ရီးယဲလ်နည်းပြဘဝ ကျနော်ရဲ့ တတိယရာသီနဲ့ အဆုံးသတ်ခဲ့တဲ့ ဆုဖလားပါ။”လို့ ပြောခဲ့ပါတယ်။

(EFE-EPA)