သန်လျင်တံတားပေါ် ကားမီးလောင်မှုမှာ ဝါယာရှော့ခ်ကြောင့်ဖြစ်

.

ဓာတ်ပုံ-ဆောက်လုပ်ရေးဝန်ကြီးဌာန

ရန်ကုန်-သန်လျင်တံတားအမှတ်(၁)ပေါ်တွင် မော်တော်ယာဉ်မီးလောင်မှုမှာ ဝါယာရှော့ခ်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်ပြီး တံတားအား လာရောက်စစ်ဆေးခဲ့ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ စက်တင်ဘာလ ၆ ရက် မနက်အစောပိုင်းတွင် ထုတ်ပြန်သည်။

ဖြစ်စဉ်မှာ စက်တင်ဘာလ ၅ ရက် ၊ ညနေ ၆ နာရီခွဲခန့်တွင် ယာဉ်မောင်း ဦးမြင့်သူရကျော်(အဘ ဦးမြင့်ကြည်)မောင်းနှင်လာသော Belta ခဲရောင် နံပါတ်အနက်YGN-3G/......... သည် ဝါယာရှော့ ဖြစ်ကာ တံတားတိုင်အမှတ် P-17နှင့် P-18 ကြားယာဉ်သွားလမ်းပေါ်တွင် မီးလောင်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာနထုတ်ပြန်ချက်အရ သိရသည်။

လမ်းတံတားအဖွဲ့မှ စစ်ဆေးတိုင်းတာချက်များအရ တံတား၏ ယာဉ်သွားလမ်းပေါ်တွင် မီးအပူရှိန်ဖြင့် ယာဉ်အရည်ပျော်ကျမှုကြောင့်မျက်နှာပြင် အနည်းငယ်ပွန်းပဲ့၍ အပေါ်ယံလမ်းမျက်နှာပြင် အလျား ၅ပေ အနံ ၄ ပေ ခန့် ပွန်းသွားခဲ့ပြီး ဘေးသံပေါင်နှင့် ယာဉ်သွားလမ်းကြားတွင်Guard Rail ခံနေသည့်အတွက်သံပေါင် တစုံတရာထိခိုက်မှု မရှိပါဟု ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည်။

စက်တင်ဘာလ ၅ ရက် ည ၈ နာရီခွဲ စစ်ဆေးချက်အရ Road Curb နှင့်Guard Rail အား Rebound Test ပြုလုပ်ချက်အရ သတ်မှတ်အရည်အသွေးပြည့်မီပြီး ထိခိုက်ပျက်စီးမှုမရှိပါကြောင်း ထုတ်ပြန်ခဲ့ပြီး အများ ပြည်သူများ စိတ်ချလက်ချသွားလာနိုင်ပါကြောင်း ထုတ်ပြန်သည်။ 

အဆိုပါကားမီးလောင်မှုသို့ သာကေတမြို့နယ် မီးသတ်စခန်းမှ မီးငြိမ်းသတ်ယာဉ် ၂စီး သန်လျင်မြို့နယ်မီးသတ်စခန်းမှ မီးငြိမ်းသတ်ယာဉ် ၁စီး ထွက်ခွာငြိမ်းသတ်ခဲ့ပြီး ညနေ ၆ နာရီ ၄၅ မိနစ် အချိန် မီးထိန်းကာ ည ၇ နာရီခန့်တွင် မီးငြိမ်းခဲ့သည်။

လူထုမိတ်ဆွေယာဉ်လိုင်း ၏  ရေကြောင်းပညာတက္ကသိုလ်ဂိတ်ရင်းမှ ထောက်ကြန့်ဂိတ်ဖျားသို့ ပြေးဆွဲနေသော YBS 32 ယာဉ်တစ်စီးသည်လည်း ရန်ကုန် - သံလျင် တံတား အမှတ် (၁) ပေါ် ဖြတ်သန်းနေစဉ် ကားမီးလောင်မှုကြောင့် ယာဉ်ရပ်တန့်ထားစဉ် ခရီးသည်တစ်ဦးက ထိတ်လန့်ကာ အရေးပေါ်တူဖြင့် မှန်ခွဲကာ ခုန်ဆင်းမှုဖြစ်ပွားခဲ့သေးသည်။