လူကုန်ကူးခဲ့ကြောင်း စိစစ်ချက် ပေါ်ပေါက်သော်လည်း ပြစ်ဒဏ်မကျသည့် အမှုများရှိနေ

.

ဓာတ်ပုံ - ဇေယျာမော်
 

စစ်တွေ၊ စက်တင်ဘာ ၅ ။     ။  ပြည်ပနိုင်ငံများတွင် လူကုန်ကူးခံရကြောင်း ရဲတပ်ဖွဲ့၏ စိစစ်ချက်များအရ အမှန်တကယ် ပေါ်ပေါက်သော်လည်း တရားရုံးတွင် ပြစ်ဒဏ်မကျဘဲ ပြန်လွှတ်ပေးလိုက်ရသည့် အမှုများရှိနေကြောင်း ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးအဖွဲ့မှ သိရသည်။

လူကုန်ကူးမှုနှင့် ပတ်သက်ပြီး အမှုဖွင့်အရေးယူဆောင်ရွက်ထားသူကို တရားရုံးတွင် အမှုစွဲတင်နေသည့်ကာလအတွင်း ၎င်းတို့ကို ရဲတပ်ဖွဲ့က ထိန်းသိမ်းမထားနိုင်သည့်အတွက် တရားခံဖက်က ငွေကြေးဖြင့်ချဉ်းကပ်ပြီး တရားရုံးတွင် မဟုတ်မမှန် သက်သေထွက်ဆိုခိုင်းမှုများ ရှိနေခြင်းကြောင့် တရားသူကြီးက ပြစ်ဒဏ်မှ လွှတ်ပေးလိုက်ရခြင်းမျိုး ဖြစ်ကြောင်းဟု ဆိုသည်။

“ရောင်းစားခံရတဲ့သူက သက်သေအဖြစ်ပါပြီးတော့ စခန်းမှာ အမှုစစ်တယ်။ ပေါ်ပေါက်တယ်။ ဥပဒေ အကြံတောင်းပြီးတော့ တရားစွဲပေါ့။ တရားစွဲတော့ အမှန်က လူကုန်ကူးခံရသူကို ကျနော်တို့က ထိန်းသိမ်းထားရမှာ။ အဲဒီလို မထိန်းသိမ်းထားနိုင်ဘဲ မိဘတွေကို ပြန်အပ်လိုက်တော့ တရားခံဖက်ကငွေနဲ့ စည်းရုံးတယ်။ အဲဖက်ကို ပါသွားတော့ လူကုန်ကူးခံရတဲ့သူ သက်သေအဖြစ်ပါတဲ့သူက တစ်ခွန်းငြင်းလိုက်တာနဲ့ တရားရုံးက လွှတ်ပေးလိုက် ရတာတွေ ရှိတယ်။”ဟု ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့ လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေး အမှတ် (၅)အဖွဲ့ဝင် ရဲအုပ်ကျော်ဇံရွှေက ပြောသည်။

စက်တင်ဘာလ ၅ ရက်နေ့က စစ်တွေမြို့တွင် ပြုလုပ်သည့် (၆) ကြိမ်မြောက် လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ အထိမ်း အမှတ် အခမ်းအနားတွင် ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့ လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေး အမှတ် (၅)အဖွဲ့ဝင် ရဲအုပ်ကျော်ဇံရွှေက ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

ရခိုင်ပြည်နယ်အတွင်း လူကုန်ကူးမှုမှာ ပြီးခဲ့သည့်နှစ်က ၉ မှုရှိခဲ့ပြီး ယခုနှစ်တွင် ၅ မှု ရှိကြောင်း လူကုန်ကူးမှု တားဆီး နှိမ်နှင်းရေး စာရင်းဇယားများအရ သိရသည်။

ပြီးခဲ့သည့်နှစ်က ဖြစ်ပေါ်ခဲ့သည့် အမှု ၉ ခုတွင် ၃ မှုကို ပြစ်ဒဏ်ချပေးနိုင်ခဲ့သလို မပြီးပြတ်နိုင်သေးသည့် အမှုများနှင့် တရားခံပြေးအဖြစ် ဆွဲတင်ထားရသည့် အမှုများလည်းရှိသေးပြီး ယခုနှစ် ၅ မှုတွင် ၄ မှုမှာ တရားရုံးတွင် စစ်ဆေးနေဆဲဖြစ်ပြီး နောက်တစ်မှုကို ရဲတပ်ဖွဲ့က စိစစ်နေကြောင်း အဆိုပါ ရဲအုပ်က ဆိုသည်။

လူကုန်ကူးခံရသူများမှာ ဒေသတွင်း အလုပ်ကိုင်ရှားပါးခြင်း၊ ဆင်းရဲမှုအကျပ်တည်းများကြောင့် ပြည်ပသို့ အလုပ်သွားလုပ်သည့် မိန်းကလေးများနှင့် လူငယ်၊ လူလတ်များဖြစ်ပြီး လူကုန်ကူးမှု ကျူးလွန်သူများမှာလည်း ၎င်းတို့၏ ဆွေမျိုးသားချင်းများထဲမှသာဖြစ်သည်ကို တွေ့ရှိရကြောင်းလည်း လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးအဖွဲ့က ဆိုသည်။

အမျိုးသမီးများ၊ ကလေးသူငယ်များနှင့် လူများအား လူကုန်ကူးမှု ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားလျှင် ထောင်ဒဏ် ၁ဝ နှစ်မှ ထောင်ဒဏ် တစ်သက်တစ်ကျွန်းအထိ ချမှတ်နိုင်သည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေတွင် ဖော်ပြထားသည်။

မြန်မာနိုင်တွင် ၂၀၁၈ ခုနှစ် ဇန်နဝါရီလမှ ဇွန်လအထိ လူကုန်ကူးမှု အမှုပေါင်း ၁၀၇ မှု၊ တရားခံပေါင်း ၂၉၂ ဦးနှင့် လူကုန်ကူးခံရသူပေါင်း ၁၈၁ ဦးရှိကြောင်း လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။